သာရပဗ္ဗတစေတီ

Listing Description

မြောက်ဦးမြို့ ထူပါရုံစေတီ၏ အနောက်တောင်ဘက် ပေ ၁၅၀ ခန့်အကွာ၊ ပေ ၁၅၀ ခန့်မြင့်သော သာရပဗ္ဗတ တောင်ကုန်းပေါ်တွင် တည်ရှိသည်။  ဝေသာလီခေတ်တွင် ဝေသာလီမင်းတစ်ပါး တည်ထားခဲ့သည်ဟု ပညာရှင်များက ယူဆကြသည်။ မြောက်ဦးခေတ်သို့ ရောက်သောအခါ နရနူစောမွန်မင်း (အေဒီ ၁၄၃၃-၁၄၅၉)၊ မင်းဗင် (အေဒီ ၁၅၃၁-၁၅၅၃) နှင့် နရပတိကြီး (အေဒီ ၁၆၃၈-၁၆၄၅) တို့က ထပ်မံမွမ်းမံပြုပြင်ခဲ့ကြသည်။ စေတီတော်မှာ ကျောက်သားပကတိဖြင့် တည်ဆောက်ထားပြီး စေတီ၏အောက်ခြေမှာ စတုရန်းပုံဖြစ်ပြီး တစ်ဖက်လျှင် ၅၄ ပေရှိကာ ဉာဏ်တော်အမြင့် ၂၁ ပေခန့် မြင့်သည်။ ပထမပစ္စယံနှင့် ဒုတိယပစ္စယံတို့မှာ ကျောက်သားဖြစ်ကာ ခြင်္သေ့ရုပ်၊ ဆင်ရုပ်၊ သမင်ရုပ်၊ ခြူပန်းခြူးနွယ် ပန်းပုရုပ်ကြွများဖြင့် အလှဆင်ထားသည်။ တတိယပစ္စယံမှာ လေးဘက်မတ်စောက်သော မဟာဗောဓိပုံစံမျိုးဖြစ်ပြီး ဤအပိုင်းမှာ ပြိုပျက်သွားခဲ့၍ ယခုမျက်မှောက်ခေတ်တွင် အုတ်ဖြင့် ပြန်လည်တည်ဆောက်ထားသည်။ စေတီတော်၏ အရှေ့ဘက် မျက်နှာစာတွင် ပျက်စီးနေသော သိမ်တော်ရာအဟောင်း တစ်ခုရှိသည်။ အဆိုပါသိမ်တော်ထဲတွင် ဉာဏ်တော် ၅ ပေခန့်အမြင့်ရှိ ကျောက်ဆစ်ရုပ်ပွားဆင်းတုတော်တစ်ဆူကို ဖူးမြော်နိုင်ပါသည်။