သင်းကျစ်တော်ဓာတ်စေတီ

Listing Description

မြောက်ဦးမြို့ မြောက်ဘက် ၅ မိုင်ကွာဝေးသော သလ္လာဝတီရွာ (ခေါ်) သင်္ချိတ်တော်ရွာအနီး ရစ္စနဒီရမ်းချောင်း၏ လက်ယာဘက်ချောင်းလက်တက် သီလနဒီချောင်းငယ်အနီး ပေ ၅၀၀ ကျော်မြင့်သော မိဂပဗ္ဗတောင် (ယခု သင်္ချိတ်တောင်) ပေါ်၌ တည်ရှိသည်။ သူရိယစက္ကမင်းသည် မဇ္ဈိမဒေသ ပါတလိပုတ်ပြည့်ရှင် သီရိဓမ္မာသောကမင်းကြီးထံမှ ပေးပို့လှူဒါန်းသော မြတ်စွာဘုရား၏ ဓာတ်တော်များကို ဌာပနာ၍ နွားလားဥဿဘတမော့ခန့်မြင့်သော စေတီတော်များကို တည်ထားခဲ့ရာ ဤသင်္ချိတ်တောင်ပေါ်၌ တည်ထားခဲ့သော သင်းကျစ်တော်ဓာတ်စေတီသည် တစ်ဆူအပါအဝင် ဖြစ်သည်။ ဤစေတီကို ဘုရင်မင်းဖလောင်းသည် ကောဇာသက္ကရာဇ် ၉၃၃ ခုနှစ် (အေဒီ ၁၅၇၁)တွင် လည်းကောင်း၊ မင်းရာဇာကြီးသည် ကောဇာသက္ကရာဇ် ၉၆၆ ခုနှစ် (အေဒီ ၁၆၀၄)တွင် လည်းကောင်း ပြုပြင်မွမ်းမံ ကိုးကွယ်ခဲ့ကြသည်။ စေတီတော်ရင်ပြင်ရှိ အာရုံခံသိမ်တော်ထဲတွင် ရှေးဟောင်း ကျောက်ဆင်းတုတော်သုံးဆူ ကိန်းဝပ်လျက်ရှိပြီး စေတီရင်ပြင်ပေါ်မှကြည့်လျှင် ဝေသာလီမြို့ဟောင်းကို ထင်ရှားကောင်းမွန်စွာ မြင်တွေ့နိုင်သည်။