လေးထပ်ကြီးကျောင်း

Listing Description

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းရှိ လေးထပ်ကြီးဘုရားကို ညောင်းရမ်းမင်းတရားက မြန်မာသက္ကရာဇ် ၉၆၃ ခုနှစ်တွင် စတင်၍ ကျောင်းရံ ၄၀ နှင့်တကွ တည်ဆောက်ခဲ့ပြီး သားတော် သာလွန်မင်းက ပြီးစီးအောင် ဆောင်ရွက်ခဲ့ပါသည်။ သက္ကရာဇ် ၁၀၂၀ ခုနှစ်တွင် တရုတ်တို့နှင့် စစ်မက်ဖြစ်ပွားရာ၌ လေးထပ်ကျောင်းတော်ကြီးကို မီးတိုက်ခံရပါသည်။ သက္ကရာဇ် ၁၁၈၇ ခုနှစ်တွင် စတုတ္ထအင်းဝနန်းစံ ဘကြီးတော်မင်းသည် သကျသီဟဗုဒ္ဓရုပ်ပွားတော်ကြီးအား ကြေးနီ၊ သလွဲ၊ ရွှေ၊ ငွေ စုစုပေါင်း ပိသာချိန် ၁၆၀၁၀ ဖြင့် သွန်းလောင်းခဲ့ပြီး လက်ရှိဂန္ဓကုဋီတိုက်ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ လေးထပ်ကျောင်းနေရာတွင် ဆောက်လုပ်ခဲ့သဖြင့် လေးထပ်ကြီးကျောင်းဟု လူသိများသည်။ သက္ကရာဇ် ၁၂၀ဝ ပြည့် ငလျင်ကြောင့် ဂန္ဓကုဋီတိုက်မှာ ပျက်စီးခဲ့ပြီး သကျသီဟရုပ်ပွားတော်ကြီးအား ပုဂံမင်းလက်ထက် သက္ကရာဇ် ၁၂၀၉ ခုနှစ်တွင် အမရပူရသို့ ပင့်ဆောင့်ကာ မဟာဝိဇယရံသီ စေတီတော်ကြီး၏ တောင်ဘက် ဘုံငါးဆင့်ပြသာဒ် ဆောက်လုပ်၍ တည်ထားကိုးကွယ်ခဲ့ပါသည်။ သီပေါမင်းလက်ထက် သက္ကရာဇ် ၁၂၄၇ ခုနှစ်တွင် ၎င်းရုပ်ပွားတော်ကြီးအား အမရပူရမှ မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ယခုလက်ရှိ ကိန်းဝပ်တော်မူသော နေရာသို့ ပင့်ဆောင်ကိုးကွယ်ခဲ့ပါသည်။ လက်ရှိကြွင်းကျန်ရစ်သော ဂန္ဓကုဋီတိုက်ကို ဘကြီးတော်မင်းကောင်းမှု မုခ်ပေါက်(၄) ပေါက်ပါ လေးဘက်ညီ အုတ်ဂန္ဓကုဋီတိုက်မှာ ပြသာဒ်ဖြင့် တည်ဆောက်ခဲ့ပြီး မျက်နှာလေးဘက်တွင် မုခ်ခုံတပ်ထားပါသည်။ မုခ်တံကဲတွင် သိကြားရုပ်၊ မိကျောင်းရုပ်၊ ခြင်္သေ့ရုပ်တို့ကို အင်္ဂတေပန်းများဖြင့် ထုလုပ်ထားပြီး အုတ်ပြသာဒ်ကို အစောင့်ဘီးလူးရုပ်ပါ စိန်တောင်သုံးဆင့်ဖြင့် ကာရံထားရာ စတုတ္ထအင်းဝခေတ် ဗိသုကာလက်ရာများ လေ့လာနိုင်ကြောင်း မှတ်တမ်းများသိရပြီး လက်ရှိတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ထားရှိပါသည်။