ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးစဉ်အခါက အင်း၀ဒေသမှ လက်ရာမြောက်ယွန်း ထမင်းချိုင့်ကြီးများကို အလေးထားမှာယူလေ့ရှိသည်။ ယွန်းထမင်းချိုင့်များကို မြန်မာ့ရိုးရာ သစ်စေးသရိုးကိုင်ပညာနှင့် ပေါင်းစပ်ကာ အနုပညာလက်ရာမြောက် ချိုင့်ကြီးများအဖြစ် ဖန်တီးရာ နိုင်ငံတကာခရီးသွား ဧည့်သည်များ သဘောကျသော မြန်မာမှုပစ္စည်းအဖြစ် တည်ရှိခဲ့သည်။ ထိုလက်ရာမြောက် ယွန်းထမင်း ချိုင့် (ငါးဆင့်ချိုင့်) ကြီးများကို အင်းဝမြို့ ယပ်တန်းရပ် ယွန်းပညာရှင် ဦးချိုတူးက ပြုလုပ် ဖန်တီးပေးခဲ့ရသည်။
လက်ရာမြောက် ယွန်းထမင်းချိုင့်များ ပြုလုပ်ရောင်းချရာတွင် လုံးပတ် ၁ဝ လက်မအရွယ် ငါးဆင့်ချိုင့်များ၊ လုံးပတ် တစ်ပေအရွယ်ရှိ ယွန်းချိုင့်များကို သစ်စေးသုတ်ပြီးသည်အထိပြုလုပ်ပေးရသည်။ သစ်စေးသုတ်ပြီး လုံးပတ် ၁၀ လက်မအရွယ် ယွန်းထမင်းချိုင့်တစ်လုံးလျှင် ငွေကျပ် ၅၀၀၀၀၊ လုံးပတ် တစ်ပေအရွယ်ရှိ ယွန်းထမင်းချိုင့်ငါးဆင့်ချိုင့် တစ်လုံးလျှင် ငွေကျပ် ၇၀၀၀၀ ဖြင့် ဖောက်သည်ပေးရသည်။ အင်းဝမြို့ဟောင်း ယပ်တန်းရပ်မှ ပြုလုပ်သော ယွန်းထမင်းချိုင့်များကို မြန်မာမှုပစ္စည်း အရောင်းဆိုင် များက ဝယ်ယူကာ သစ်စေးသရိုးကိုင်ပညာဖြင့် ဇာတ်ကြီးဆယ်ဘွဲ့ပုံများ ပြုလုပ်အလှဆင်ကာ တန်ဖိုးမြင့် ရောင်းကုန်အဖြစ် ဖန်တီးရောင်းချကြသည်။
မြန်မာ့လက်မှုယွန်းအနုပညာသည် ခေတ်အဆက်ဆက်ဖြတ်သန်းမှုများ နှင့် အတူ နည်းစနစ်သစ်များပါ ပေါင်းစပ်ကာ တဖြည်းဖြည်းတိုးတက်လာခဲ့ သည်။ ရှေးခေတ်အခါက အနက်ထည်ယွန်းထည်အဆင့်မှ ညောင်ရမ်းခေတ် ရောက်သည့်ကာလတွင် ကညစ်ယွန်းထိုးအဆင့်အထိ တိုးတက်လာကြောင်း သိရသည်။ လက်ရှိကာလတွင် ယွန်းထည်ပစ္စည်းအမျိုးမျိုးကို ကညစ်ယွန်း၊ ရွှေစဝါယွန်း၊ သရိုးပန်းကြွယွန်း၊ မှန်စီရွှေချယွန်း၊ မံယွန်းတို့ကိုဒီဇိုင်းအမျိုးမျိုး ပုံစံအထွေထွေဖြင့် စိတ်ဝင်စားအောင် ပြုလုပ်လာနိုင်ခဲ့သည်။
မြန်မာ့ယွန်းအနုပညာအထည်များ ပြုလုပ်ရာတွင် အခြေခံအားဖြင့် ခွေထည်၊ ရက်ထည်၊ ပုတ်ထည်၊ ကြောင်လိမ်ထည်ဆိုသော ရက်လုပ်နည်းများ ဖြင့် ရက်လုပ်ကြသည်။ အများအားဖြင့် ပန်းကန်ပြား၊ ပန်းကန်လုံးပန်းအိုး၊ စဉ့်အိုး၊ လက်ဖက်အုပ်၊ ဆွမ်းအုပ်၊ ရေနွေးပန်းကန်လုံး၊ မင်္ဂလာအုပ်၊ ဇီးကွက်ရုပ်၊ ဆေးလိပ်ပြာခံခွက်တို့ကို ခွေထည်နည်းဖြင့် ပြုလုပ်ကြသည်။ ထမင်းချိုင့်၊ လင်ပန်း၊ ကလပ်၊ ကွမ်းအစ်၊ ဘိအစ်သစ်သီးခြင်းယွန်းထည်များကို ရက်ထည် နည်းဖြင့် ပြုလုပ်ကြသည်။ ရေခွက်အမျိုးမျိုး၊ ကွမ်းအစ်အမျိုးမျိုးနှင့်အတူ လှပသော စီးကရက်ဘူးယွန်းထည်များကို ပုတ်ထည်နှင့် ကြောင်လိမ်ထည် တွဲစပ်လုပ်ကိုင်ရကြောင်း သိရသည်။
နွေနဒီ(မြစ်ငယ်)