အင်းဝမြို့တည်နန်းတည်သတိုးမင်းဖျားကြေးသွန်းရုပ်တု

Listing Description

မထမအင်းဝမြိုတည်နန်းတည် သတိုးမင်းဖျားပုံတူကြေးသွန်းရုပ်တုကြီးကို မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်း၊ ဥတည်ကျေးရွာအုပ်စု၊ လေသာရပ်အနီး စည်တိုပုံမြို့ရိုးအတွင်း မယ်နုအုတ်ကျောင်းသို့သွားရာလမ်းထောင့်တွင် အုတ်ခုံပြုလုပ်၍ စိုက်ထူထားရှိပါသည်။ အဆိုပါသတိုးမင်းဖျား ကြေးသွန်းရုပ်တုကို သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာအရှင်ဉာဏိဿရ၏ ဦးဆောင်လှူဒါန်းလမ်းညွှန်မှုနှင့်အတူ ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် မြန်မာမှုဗိသုကာနှင့် သမိုင်းပညာရှင် တမ္ပဝတီဦးဝင်းမောင်က ကြီးကြပ်ဦးစီးကာ သီတဂူပြည့်ဝကြေးသွန်းအဖွဲ့မှ စတင်သွန်းလုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် သွန်းလုပ်ပြီးစီးဖွင့်လှစ်ခဲ့ပါသည်။ အင်းဝမြို့တည်နန်းတည်သတိုးမင်းဖျားပုံတူ ကြေးသွန်းရုပ်တု ထုလုပ်ရာတွင် တမ္ပဝတီဦးဝင်းမောင်မှ အဝတ်အစားဒီဇိုင်းပုံစံအတွက် နံရံဆေးရေးပန်းချီမှတ်တမ်း၊ ပေစာပုရပိုက်စာမှတ်တမ်းများထဲမှ ပုံစံရယူထုတ်ပေးခဲ့ကာ ကြေးသွန်းရုပ်တုသည် ကြေးပိဿာချိန် ၁၂၀၀ ခန့်ရှိပြီး အမြင့် ၁၃ ပေ ၆ လက်မ နှင့် အောက်ခံခုံအမြင့် ၁၄ ပေမြင့်သည့် မတ်တပ်ရပ်ပုံစံဖြစ်ကာ လက်တစ်ဖက်တွင် ဓားကိုကိုင်ဆွဲထား၍ ကျန်လက်တစ်ဖက်မှာ လှံတံကိုကိုင်မြှောက်ထားသည့် ပုံစံဖြစ်ပါသည်။ ပထမအင်းဝမြို့ကို စတင်တည်ထောင်သူသည် တကောင်းမင်းဆက်မှ သတိုးမင်းဖျားဖြစ်ပြီး မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ် တပေါင်းလဆန်း ၆ ရက်၊ အေဒီ ၁၃၆၄ တွင် တည်ထောင်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများတွင် ဖော်ပြထားပါသည်။