ကြည်အောင် (၁၉၃၇-၂၀၀၉)

Listing Description

ကဗျာဆရာကြည်အောင်ကို အင်းဝမြို့၌ အဖ ဦးစိန်ညွန့်၊ အမိ ဒေါ်ထွေး တို့က ၁၉၃၇ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ကြည်လင် ဖြစ်ပြီး၊ မော်ကွန်း ဘုန်းကြီးကျောင်း၊ တံတားဦး အ.ထ.က၊ မန္တလေးတက္ကသိုလ် တို့တွင် ပညာ သင်ကြားခဲ့သည်။ မောင်သာနိုး၊ မောင်စွမ်းရည်၊ တင်မိုး တို့နှင့်အတူ မန္တလေးတက္ကသိုလ် ကဗျာရွှေခေတ် (၁၉၅၆ - ၆၅) ကို ထူထောင်ခဲ့သူတဦး ဖြစ်သည်။ ၁၉၅၈ - ၅၉ တွင် မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း အင်္ဂလိပ်စာစာတည်း၊ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း အတွင်းရေးမှူး၊ ၁၉၆ဝ - ၆၁ တွင် မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်း မြန်စာစာတည်း စသော တာဝန်များကို ယူခဲ့သည်။ မန္တလေး လူထု သတင်းစာ၊ ရှုမဝ၊ ငွေတာရီ စသောမဂ္ဂဇင်းများတွင် ကဗျာ၊ စာပေ ဝေဖန်ရေး ဆောင်းပါးများ ရေးသားရင်း “ကြည်အောင်” ကလောင်အမည်အား တည်ဆောက်ခဲ့သည်။

၁၉၅၉ ခု၊ ရှုမဝ မဂ္ဂဇင်းပါ “ဖြစ်အင်” ကဗျာသည် ပထမဆုံး ပုံနှိပ် ဖော်ပြခဲ့သော စာမူ ဖြစ်သည်။ ၁၉၆၃ တွင် “လမင်းတရာ” ကဗျာ စာအုပ်ဖြင့် အမျိုးသား စာပေဆု ရခဲ့သည်။ မောင်စွမ်းရည်နှင့် တွဲပြီး စိတြ (၁၉၆ဝ)၊ ဒုဋ္ဌဝတီမှ ဧရာဝတီသို့ (၁၉၆၅)၊ မိခင်မာရသွန်၊ ဟေမန္တခြေမြန်တော် (၁၉၉၁)၊ နှင်းဆီခင်းပေါ်က လမင်း (၁၉၉၄) စသော ကဗျာ စာအုပ်များနှင့် သစ္စာရှာဖို့ ငါ မြင်းစီးမယ် (၁၉၉ဝ) စကားပြေ စာအုပ်လည်း ထုတ်ဝေခဲ့သည်။

ကဗျာဆရာကြည်အောင်သည် ၂၀၀၉ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။