ပင်းယမြို့ဟောင်း

Listing Description

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့၏ တောင်ဘက် တစ်မိုင်ခန့်အကွာ၊ မန္တလေး-မြင်းခြံ မီးရထားလမ်းနှင့် စကားအင်းရွာကြား၊ ပန်းလောင်မြစ် ၏ အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ တံတားဦး-ကျောက်ဆည် ကားလမ်းသည် ပင်းယမြို့ဟောင်း၏ အလယ်မှ တောင်-မြောက် ဖြတ်၍ ဖောက်လုပ်ထားသည်။ ပင်းယမြို့ကို တစ်စီးရှင်သီဟသူက မြန်မာသက္ကရာဇ် ၆၇၄ ခုနှစ် (အေဒီ-၁၃၁၃) တွင် စတင်တည်ထောင်ခဲ့သည်။ ပုဂံပျက်သုဉ်းပြီးနောက် ပေါ်ပေါက်လာသော မြို့ ဖြစ်သည်။ ပင်းယကို မတည်မှီက အင်းဝနေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်သဖြင့် ပင်းယနေရာသို့ ပြောင်းရွှေ့ကာ မြို့တည်ခြင်းဖြစ်သည်။ ရှမ်းမင်းအဆက်အနွယ်ဖြစ်သော သီဟသူသည် ပင်းယမြို့တည်ရန် နေရာရှင်းလင်းသတ်မှတ်စဉ်က မြေကြီးထဲမှ ရွှေပန်းခိုင်ရသည်ကို အကြောင်းပြု၍ “ပန်းရ”ဟု ခေါ်ခဲ့ရာမှ “ပင်းယ” ဟုပြောင်းလဲလာရခြင်းဖြစ်သည် ဟုဆိုကြသည်။ သို့သော် မြို့တည်စဉ်က သတ်မှတ်ခဲ့သော အမည်မှာ “ဝိဇယပူရ” ဖြစ်သည်။ စတင်တည်ထောင်သူ တစ်စီးရှင်သီဟသူမှ နောက်ဆုံး (၆) ဆက်မြောက်မင်းဖြစ်သည့် ဥဇနာပြောင်မင်းအထိမြို့၏သက်တမ်းမှာ ၅၂ နှစ်သာကြာသည်။ မြန်မာသက္ကရာဇ် ၇၂၆ ခုနှစ်တွင် မြောက်ဘက်တစ်လွှားမှ မောဝ်ရှမ်းအကြီးအကဲ သိုချီဘွားက လာရောက်တိုက်ခိုက်သဖြင့် ပျက်စီးရခြင်းဖြစ်သည်။ ရှမ်းတို့ နရသူမင်းအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဥဇနာပြောင်မင်း နန်းတက်သော်လည်း တစ်လကျော်အကြာတွင် စစ်ကိုင်းတွင် မင်းပြုနေသည့် သတိုးမင်းဖျားက လာရောက်တိုက်ခိုက်သိမ်းယူသဖြင့် ပင်းယခေတ် ပျက်သုဉ်းခဲ့သည်။ ယခုလက်ရှိ ပင်းယမြို့ဟောင်းနေရာတွင် ပင်းယတည်ထောင်သူ သီဟသူလက်ထက်ကတည်းက တည်ခဲ့ပြီး မပြီးစီးခဲ့သော ပင်းယရွှေစည်းခုံစေတီတော်သည် မင်းအဆက်ဆက်ပြုပြင်ထိန်းသိမ်းခဲ့သဖြင့် ယနေ့အထိ ကြည်ညိုဖွယ်ရာ ဖူးမြော်မြင်တွေ့နိုင်ပါသည်။ ထို့ပြင် ထုထည်ကြီးမားသော ပုံစံတူ ဂူကြီးသုံးလုံးအပါအဝင် ရှေးဟောင်းအဆောက်အအုံ ၂၀ ကျော်ကို တွေ့မြင်လေ့လာနိုင်ပါသည်။ ဂူကြီးသုံးလုံး၏ မြောက်ဘက်ရှိ လယ်ကွင်းများကြားမှ နန်းဦးစေတီမှာ ယခင်က နန်းတော်ဦးတွင် တည်ထားခဲ့သော်လည်း ယခုအခါ အုတ်ကုန်းကြီးတစ်ခုအဖြစ်သာ မြင်တွေ့ရသည်။