မဟာဇေယျပထတံတား

Listing Description

မဟာဇေယျပထတံတားသည် တံတားဦးမြို့နယ်၊ အင်းဝမြို့တောင်ဘက် ဟံသာဝတီတံခါးမှ တံတားဦးမြို့ မင်္ဂလာစေတီထိ တာ ၅၀၀ (တစ်မိုင်ခန့်) ရှည်လျားပါသည်။ မဟာဇေယျပထတံတားကြီးကို ပထမအင်းဝခေတ် ငယ်နာမည် မင်းဆွေ (ခ) ပထမမင်းခေါင်မှ ယက်မလျှိုအမိုးပါ သစ်သားတံတားအဖြစ် စတင်ဆောက်လုပ်ခဲ့ပါသည်။ အင်းဝဘုရင်မင်းခေါင် စတင်တည်ဆောက် ကုသိုလ်ယူခဲ့သော တံတားကြီးကို စတုတ္ထအင်းဝခေတ် ဘကြီးတော် (စစ်ကိုင်းမင်း) လက်ထက်တွင် နန်းမတော်မယ်နု၏မောင် စလင်းမြို့စား ဦးအိုက ပြုပြင်ဆောက်လုပ်ပြီး သက္ကရာဇ် (၁၁၈၉)ခုနှစ်၊ တပေါင်းလဆန်း (၂)ရက် စနေနေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။ ထို့ကြောင့် ဦးအိုအုတ်လမ်းဟုလည်း လူသိများပါသည်။ မဟာဇေယျပထတံတားကြီးမှာ အုတ်မုဒ်တိုင်ပါ အုတ်လက်ရုံးတံတိုင်း အကာအရံတို့ဖြင့် ကြီးကျယ်ခန်းနားစွာ တည်ဆောက်ထားသည်ကို ယနေ့တိုင် တွေ့မြင်နိုင်ပါသည်။ လမ်းသစ်နှင့် တစ်ထပ်တည်း ဖြစ်နေသော နေရာများ၌ လမ်းဟောင်းမှ အကာအရံများ တွေ့မြင်နိုင်ပါသည်။ ယခုအခါ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းလျက်ရှိပါသည်။