ဘုရားသုံးဆူ

Listing Description

ဘုရားသုံးဆူသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသရှိ မင်းနန်သူရွာ၏ မြောက်ဘက်၌ တည်ရှိပါသည်။ ဘုရားသုံးဆူမှာ ပုံစံတူစတုရန်းပုံအုတ်တိုက်ခံ၍  အပေါ်တွင် ကွမ်းထောင်ပေါက်ထားသော အလတ်စားဂူဘုရားများဖြစ်ပြီး တစ်ဆူနှင့်တစ်ဆူ ဘေးချင်းယှဉ်လျက် တည်ထားကာ ပေါင်းကူးစင်္ကြံနှစ်စင်းနှင့် ဆက်သွယ်ထားပါသည်။ ဘုရားသုံးဆူဂူဘုရားကို ပုဂံခေတ်နှောင်းလက်ရာအဖြစ်မှန်းဆကြပြီး ၁၉၁၅-၁၉၁၆ ခုနှစ်ခန့်တွင် ကျောက်စာဝန် မစ္စတာ ချားလ်စ်ဒူရိုင်းဆယ်က ဘုရားသုံးဆူအတွင်း နံရံဆေးရေးပန်းချီများကို လေ့လာလျက် တန္တရဗုဒ္ဓဘာသာဆိုင်ရာပုံများ၊ မဟာယနဗုဒ္ဓဘာသာဝင် အရည်းကြီးရဟန်းတို့နှင့် သက်ဆိုင်သော ပုံများဟု မှတ်ချက်ပြုခဲ့ပါသည်။ ဘုရားသုံးဆူဂူဘုရားများအတွင်းရှိ နံရံဆေးရေးပန်းချီများမှာ ဂူသုံးဆူအနက် အရှေ့ဘက်ဂူနှင့် အလယ်ဂူတို့တွင်သာ နံရံဆေးရေးပန်းချီများရှိပြီး အနောက်ဘက်ဂူ၌မူ ပန်းချီမရေးဆွဲရသေးပေ။ အကြောင်းတစ်ခုခုကြောင့် အပြီးမသတ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။ နံရံပန်းချီများထဲတွင် ဗုဒ္ဓဝင်ဆိုင်ရာ ဇာတ်ကွက်များကို အဓိကထားရေးဆွဲထားပါသည်။ ထို့ပြင်နှစ်ကျိပ်ရှစ်ဆူဘုရားများပုံ၊ ဗုဒ္ဓမြတ်စွာအား ဘေးမှနတ်များခြံရံ ထားပုံ၊ နံရံထောင့်တို့တွင် ဘေးမှနတ်သမီးတစ်ယောက်စီကို ဖက်ထားသည့် နတ်သားများပုံစသည်တို့ကို လေ့လာ ကြည့်ရှုနိုင်ပြီး မတ်ရပ်နတ်ရုပ်၊ ကိန္နရာ၊ ဘီလူး၊ မြွေ၊ ဆင်ရုပ်တို့ကိုလည်း တွေ့ရှိကြရပါသည်။ နံရံထက်တွင် ဇာတာတစ်စောင်ကို ဂြိုဟ်ခွင်အနေအထား နှင့်တကွ ရေးမှတ်ထားရာ၌ “သက္ကရာဇ် ၁၅ အာသိမ်နှစ် ကဆုန်လဆန်း ၃ရက် ၆ကြာနေ့ သန်းခေါင်မတိုင်မီ ၃ ခရာသတို့ သားဖွားစင်မျက်နှာမြင်၏။ သုခွေတခု ဇာတာ”ဟု တွေ့ရှိရပါသည်။ ဇာတာအရ ခရစ်နှစ် ၁၄၅၂ ခုနှစ်တွင် ဖွားမြင်ခဲ့သူဖြစ်ပါသည်။