စိမ်းညက်ညီအစ်မဘုရား

Listing Description

စိမ်းညက်ညီအစ်မဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ ပုဂံမြို့သစ်သွားလမ်းမကြီးဘေး၊ စိုးမင်းကြီးအုတ်ကျောင်းအနီး၌ တည်ရှိပါသည်။ စိမ်းညက်ညီအစ်မဘုရားတွင် စိမ်းညက်အစ်မဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်တစ်ဆင့်ဂူဘုရားဖြစ်ပြီး ထိုဘုရားအနီးရှိ ညီမဘုရားသည် ပုဂံခေတ် သီဟိုဠ်(သီရိလင်္ကာ)ပုံစံစေတီဖြစ်ပါသည်။ ဘုရားနှစ်ဆူစလုံး အုတ်တံတိုင်းတစ်ခုအတွင်း၌ တည်ရှိပါသည်။ စိမ်းညက်အစ်မဂူဘုရားလေးမျက်နှာ၌ အဝင်မုခ်လေးခုရှိသည်။ အရှေ့မျက်နှာမုခ်သည် အဝင်အာရုံခံမုခ်ဖြစ်သည်။ ပစ္စယာလေးဆင့်ပါပြီး အောက်ဘက်ပစ္စယာ သုံးဆင့်၌ နတ်လှေကားများ တပ်ဆင်ထားသည်။ ပစ္စယာများ အထက်တွင် ကွမ်းတောင် ရှိသည်။ မုခ်လေးခုစလုံးတွင် စုလစ်သုံးခုစီဆင့်၍ တန်ဆာဆင်ထား၏။ စုလစ်များတွင် ရုပ်တု၊ ရုပ်ကြွများဖြင့် တန်ဆာဆင်ထားသော်လည်း ယခုအခါ အတော်အတန် ပျက်စီးနေပြီဖြစ်သည်။ သို့သော် မူလအဆင်တန်ဆာ လက်ရာအနည်းငယ်ကား ကြွင်းကျန်နေသေး၏။ အတွင်းတွင် စင်္ကြံပတ်လမ်းရှိပြီး နံရံများ၌ ငါးရာ့ငါးဆယ်ဇာတ်နှင့် ပန်းကနုတ်ဆေးရေး ပန်းချီများရှိသည်။ စိမ်းညက်ညီမဘုရားသည်  အောက်ခြေလေးထောင့်ဖြစ်၍ ပစ္စယာသုံးဆင့်ခပ်မြင့်မြင့် ရှိသည်။ ထိုအပေါ်၌ ခေါင်းလောင်းပုံစေတီ ရှိသည်။ အထက်သပိတ်မှောက်နှင့် ခါးပတ်၌ ဘီလူးပန်းဆွဲ အင်္ဂတေပန်း လက်ရာများရှိသည်။ ခေါင်းလောင်းပုံတွင် လေးမျက်နှာ၌ မုခ်ကပ်ငယ်လေးခုအတွင်း ဓမ္မစကြမုဒြာ ဆင်းတုငယ်များ ရှိသည်။ ခေါင်းလောင်းပုံအထက်တွင် ဖရုံတုံးခံ၍ ဖောင်းရစ်အဆင့်အဆင့် တက်သွားသည်။ ပစ္စယာထောင့်များတွင် ကလသာအိုးသဏ္ဌာန် ထောင့်စေတီများရှိသည်။ ဒုတိယပစ္စယာမှ ထောင့်စေတီများ၌ ခြင်္သေ့ရုပ်များဖြင့် တန်ဆာဆင်ထားသည်။ ဤပုထိုးစေတီလက်ရာသည် ထူးခြားသော လက်ရာဖြစ်သည်။