ကျိုက်ထီးရိုးဘုရား

Listing Description

ကျိုက်ထီးရိုးစေတီသည် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့အနီး ပေါင်းလောင်းတောင်ပေါ်တွင်တည်ရှိပြီး စေတီတည်ရှိရာ တောင်ကို အစွဲပြု၍ ကျိုက်ထီးရိုးတောင်ဟုလည်း ခေါ်ကြသည်။ မြန်မာနိုင်ငံသို့ မြတ်စွာဘုရားနှင့် ရဟန္တာ ၅၀၀ အတူ ကြွတော်မူလာပြီး မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကင်းရွာ တောင်ကြီးရွာရှိ ကေလာသတောင် ခေါ် တိုက်ကုလားတောင်၊ ဒိုးခလွန်တောင်တွင် ဆံတော်ခြောက်ဆူချီးမြှင့်ပေးအပ်ခဲ့ရာ ထိုဆံတော်ခြောက်ဆူထဲမှ ကျိုက်ထီးရိုးစေတီတော်သို့ ဆံတော် ၃ ဆူ၊ ဇွဲကပင်စေတီတော်သို့ ဆံတော် ၁ ဆူ၊ ဇင်းကျိုက်စေတီတော်သို့ ဆံတော် ၁ ဆူ၊ ကေလာသစေတီတော်သို့ ဆံတော် ၁ ဆူ ဌာပနာထားရှိပါသည်။ ကျိုက်ထီးရိုးစေတီတည်ရှိရာတောင်သည် ပင်လယ်ပြင်ရေအမြင့်ပေ ၃၆၁၅ ပေမြင့်ပြီး ကြီးမား၍ မတ်စောက်သော ကျောက်ဆောင်တစ်ခု၏အစွန်း၌ လုံးပတ်ပေ ၅၀ ခန့်ရှိသော ရသေ့ဦးခေါင်းပုံသဏ္ဌာန် ကျောက်တုံးကြီးတစ်ခုသည် ပြုတ်ကျလုနီးနီးတင်နေပြီး ထိုကျောက်တုံးကြီးပေါ်တွင်မှ ဉာဏ်တော် ၁၅ ပေခန့်မြင့်သော စေတီတော် တည်ထားပါသည်။ ကျိုက်ထီးရိုးစေတီတော်သို့တက်ရန် လမ်း နှစ်သွယ်ရှိရာ စစ်တောင်းရွာမှ တက်ရသောလမ်းနှင့် ကင်မွန်းစခန်းမှ တက်ရသောလမ်းဖြစ်ပြီး ကင်မွန်းစခန်းမှ စေတီတော်အထိ ၇ မိုင်ခွဲခန့်ရှိ၍ စခန်းပေါင်း ၂၇ စခန်းကို ဖြတ်ကျော်သွားရပါသည်။ ကင်မွန်းစခန်းမှ ကျိုက်ထီးရိုးစေတီအထိ မော်တော်ကားဖြင့်လည်း တက်ရောက်နိုင်ပါသည်။ ကျိုက်ထီးရိုးဘုရားမှတစ်ဆင့် မုဆိုးဘုရား၊ ဖားဘုရား၊ ငါးဘုရား၊ နဂါးဘုရားများကို ဖြတ်၍ ၄ မိုင်ခန့်ဝေးသော ကျောက်ထပ်ကြီးဘုရားသို့လည်း သွားရောက်ဖူးမြှော်နိုင်ပါသည်။ ၂၀၀၁ ခုနှစ်တွင် ကျိုက်ထီးရိုးစေတီ၏ ပတ်ဝန်းကျင် သစ်ပင်ပန်းမန်များနှင့် တောရိုင်းတိရစ္ဆာန်များကို စောင့်ရှောက်ရန် ရည်ရွယ်၍ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် သတ်မှတ်ခဲ့ပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2022-01-08 05:35:56

-

Kyaiktiyo or know as Golden Rock Pagoda