ရွှေစည်းခုံစေတီ(ပင်းယ)

Listing Description

ရွှေစည်းခုံစေတီသည် တံတားဦးမြို့နယ် ပင်းယမြို့ရိုး၏ တောင်ဘက်အနီး စကားအင်းရွာ ကုန်းမြင့်ပေါ်တွင် တည်ရှိပါသည်။ ရွှေစည်းခုံစေတီတို့၏ ပုံစံအတိုင်းလေးထောင့် ပစ္စယံသုံးဆင့်၊ ထောင့်စေတီများ၊ နတ်လမ်းလှေကားများဖြင့် တင့်တယ်စွာ တည်ထားပါသည်။ ရွှေစည်းခုံစေတီတော်သည် သီဟသူမင်း ပင်းယမြို့တည်နန်းတည်စကပင် ပါဝင်ခဲ့သည့် ရှေးဟောင်းအမွေအနှစ် စေတီတစ်ဆူဖြစ်ပါသည်။ သီဟသူမင်း၏ သားတော် ဥစ္စနာမင်းလက်ထက်တွင် စေတီတော်အား အပြင်မှရံပြီး ထပ်မံငုံတည်ထားသည်ဟု မှတ်သားရပါသည်။ သက္ကရာဇ် ၇၀၄ ခုနှစ်တွင် ငါးစီးရှင်ကျော်စွာ၊ ၇၁၃ ခုနှစ်တွင် ကျော်စွာငယ်၊ ၇၂၉ ခုနှစ်တွင် အင်းဝနန်းစံမင်းကြီးစွာစော်ကဲတို့ အဆက်ဆက် ပြုပြင်ခဲ့ကြသည်။ သက္ကရာဇ် ၉၉၀ ခုနှစ်တွင် သာလွန်မင်းတရားကြီးက စေတီတော်အား ရွှေသင်္ကန်းကပ်လှူခြင်း၊ ၁၀၁၉ ခုနှစ်တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျမှပြုပြင်ခြင်း၊ ၁၁၃၈ ခုနှစ်တွင် စဉ့်ကူးမင်းက ရွှေသင်္ကန်းကပ်လှူခြင်း စသည်ဖြင့် ခေတ်အဆက်ဆက်မင်းအဆက်ဆက် ပြုပြင်မွမ်းမံကိုးကွယ် ခဲ့ကြပါသည်။ ၁၁၄၃ခုနှစ် တန်ဆောင် မုန်း လဆန်း၃ရက် ညဉ့်သန်းခေါင်တွင် စေတီတော်ကြီး ပြိုကျပျက်စီးခဲ့သဖြင့် စဉ့်ကူးမင်းက အုတ်ဖိုပေါင်းတစ်ရာကျော် ပြုလုပ်ပြီး အုတ်သားပြည့် စီကာ ပြန်လည်ပြုပြင်ရာ ပစ္စယာကြီး သုံးဆင့်သာ ပြီးစီးခဲ့ပါသည်။ ယင်းနောက်ခေတ်အဆက်ဆက် ပြုပြင် နိုင်မှုမရှိ တော့ဘဲ ၁၃၁၁ ခုနှစ်၊ ၁၃၁၅ ခုနှစ်၊ ၁၃၂၅ ခုနှစ်တို့ တွင် ဂေါပ ကအဖွဲ့ များမှ အသီးသီး ပြုပြင်ခဲ့ကြရာ ၁၃၆၃ ခုနှစ်တွင် စေတီတော်ကြီး ပြီးစီးအောင်မြင်ခဲ့ပါသည်။ ပင်းယရွှေစည်းခုံစေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပလေ့ရှိပါသည်။