ရွှေစည်းခုံစေတီ (အင်းဝ)

Listing Description

အင်းဝ ရွှေစည်းခုံစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းရှိ စည်တိုပုံမြို့ရိုး၏ အနောက်တောင်ထောင့်တွင် တည်ရှိပါသည်။ သက္ကရာဇ် ၇၃၄ ခုနှစ်၌ မင်းကြီးစွာစော်ကဲ တည်ထားကိုးကွယ်ခဲ့ပါသည်။ အင်းဝမြို့တွင်းရှိ ထုထည်ကြီးမားလှသော စေတီများတွင် တစ်ဆူအပါအဝင် ဖြစ်ပါသည်။ စေတီတော်ကြီး၏ ပုံစံမှာ ညောင်ဦးရွှေစည်းခုံ စေတီတော်ကဲ့သို့ ပစ္စယာများ၊ မကာရ်ရုပ်ပါ နတ်လမ်းလှေကားများ၊ စေတီရံများနှင့် နောက်ပိုင်းကိုယ်ထည်နှစ်ခုရှိသော ထောင့်ခြင်္သေ့ကြီးများ ထည့်သွင်းတည်ဆောက်ထားသည်။ လေးထောင့်ပစ္စယံ သုံးဆင့်ပါရှိပြီး အပေါ်ဆုံးပစ္စယံတွင် ထောင့်စေတီလေးဆူ၊ အောက်ပစ္စယံများတွင် ကလသာအိုးများ ထောင့်လေးထောင့်တွင် အသီးသီးပါရှိ၍ တင့်တယ်စွာ တည်ထားပါသည်။ ရင်ပြင်တော်ပေါ်သို့ တက်နိုင်သော လှေခါးမှာ ရှေ့မျက်နှာနှင့် မြောက်ဘက်မျက်နှာ၌သာ ရှိပါသည်။ တောင်ဘက်မျက်နှာနှင့် အနောက်ဘက်မျက်နှာတွင် တံတိုင်းနှင့် လှေခါးများ မပါရှိခြင်းမှာ စည်တိုပုံဒုတိယမြို့ရိုးကြီး ရှိနေသောကြောင့် ဖြစ်ပါသည်။။ သာလွန်မင်းလက်ထက်တွင် တစ်ကြိမ်၊ ပြည်မင်းလက်ထက်တွင် တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခဲ့ပါသည်။ ခေတ်အဆက်ဆက်တွင် ပြိုကျပျက်စီးမှုများရှိခဲ့သော်လည်း ဂေါပကအဖွဲ့နှင့် ဒေသခံများ စုပေါင်းပြုပြင်မှုဖြင့် စေတီတော်ကို အင်္ဂါရပ်စုံလင်စွာ ဖူးမြင်နိုင်ပါသည်။ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အနေဖြင့် ကျွမ်းကျင်မှုဆိုင်ရာ ကူညီမှုများပေးအပ်၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။ စေတီတော်၏ အရှေ့ဘက်ဓမ္မာရုံအတွင်း၌ ပြန်လည်ပြုပြင်မွမ်းမံထားသော အင်္ဂတေရုပ်ပွားတော်မြတ်ကြီးတစ်ဆူနှင့် အင်းဝမြို့အတွင်းမှ စုဆောင်းရရှိသော ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်လက်ရာ ရှေးဟောင်းရုပ်ပွားတော် ၃၂ ဆူကိုလည်း ဖူးမြော်မြင်တွေ့နိုင်ပါသည်။