ပေါက်ကျော်စေတီ

Listing Description

ရန်ကုန်မြို့၊ လသာမြို့နယ်၊ ဗိုလ်ချုပ်လမ်းနှင့် ဘုန်းကြီးလမ်းထောင့်ရှိ သရက်တောဘုန်းကြီးကျောင်းဝင်းထောင့်တွင် တည်ရှိသည်။ စေတီ၏ မှတ်တမ်းအရ ယခင်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်းထိပ်နေ စိတ်ကျန်းမာရေးချို့တဲ့သူ ပေါက်ကျော်ဟုဆိုသောသူမှ သူ၏စိတ်ကူးဖြင့် ရွှံ့၊သဲများ စုပုံ၍ စေတီတည်ရာမှ ပေါက်ကျော်ဘုရား၊ အရူးဘုရားဟု လူသိများလာခဲ့သည်။ ကော်မရှင်နာမင်းကြီး ဦးဆက် လက်ထက်တွင် လမ်းနှင့် မလွတ်သဖြင့် ယခုလက်ရှိနေရာ သရက်တောကျောင်းဝင်းထောင့်သို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။ စေတီ၏ အောက်ခြေရှိ ကျောက်စာတွင် ဦးညို၊ ခေမာ၊ သုတ၊ ဝေရီ၊ ရန်စည်စည် ဆိုသည့် ရန်ဓာတ်ကို ပြောင်းပြန်၍ မိတ်ဓာတ်ဆင်ကာ ခေမာ မှ မာခေ ဓာတ်ယူထားပြီး ကြာသပတေး နှင့် တနင်္လာ တွဲထားရာမှ မင်းခေါင်နှင့် ဓာတ်ချင်းတူ ပေါက်ကျော် ဖြစ်လာခဲ့သည်ဟု ရေးထိုးထားသည်။ လောကီကိစ္စ အတိုက်များ၊ ရန်များနေသူများ နှင့် စီးပွားရေးလာဘ်ပိတ်နေပြီး ကိုယ်ပြောရာ မထိရောက် ဖြစ်နေသူများ အတွက် အကောင်းဆုံး ဓာတ်စေတီ ဖြစ်သည်ဟု ယုံကြည်ကြကာ လာရောက်ဖူးမြော် ဆုတောင်းကြသူများတွေ့ရသည်။