ရေမြိုဝ်ဘုရား

Listing Description

တံတားဦးမြို့နယ်၊ ရန်ကုန်-ပြည်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် (၄၉၄/ ၃)အနီး ဂွေးကုန်းရွာတွင် တည်ရှိပါသည်။ သက္ကရာဇ် ၅၂၃ ခုနှစ်တွင် ပုဂံမင်းဆက် အလောင်းစည်သူမင်းကြီး တည်ထားခဲ့သည်ဟု သိရသည်။ ဘုရားသမိုင်းအရ လောင်းစည်သူမင်းသည် တိုင်းခန်းလှည့်လည်ရင်း ဂွေးကုန်းရွာ၏ တောင်ဘက် မိုးဇာတောင်ဒေသသို့ရောက်ရှိလာရာ မိုးဇာတောင်ဒေသသည် ပူပြင်းခြောက်သွေ့၍ ရေရှားပါးမှုကြုံတွေ့ရသဖြင့် ရေချိုများ ပေါများစွာထွက်ရှိစေရန် မင်းကြီးသည် မိမိပြုခဲ့သော ကောင်းမှုတို့ကို မြေ၌လှံစိုက်ကာ သစ္စာပြုခဲ့သည်။ ယင်းနောက် လှံတော်ကို ပြန်နှုတ်ရာ ရေချိုများ ပေါများစွာထွက်ရှိသဖြင့် ထိုနေရာ၌ ဘုရားတစ်ဆူတည်ထားခဲ့ပြီး ရေချိုများပေါများခြင်းကို အစွဲပြု၍ ဘုရားဘွဲ့အမည်အား "ရေမြိုဝ်ဘုရား" ဟုခေါ်တွင်ခဲ့သည်ဟု သိရသည်။ ရေ= အသက်ဆက်ရှင်သန်နိုင်သည့်အရာ၊ မြိုဝ်= အရပ်ဒေသ/မြို့/ရွာ/နေရာ)ဟု အဓိပ္ပါယ်ရပါသည်။ ဘုရားပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆုတ် ၇ ရက်နှင့် ၈ ရက်နေ့များတွင် ကျင်းပသည်။