မြန်မာပြည်သိန်းတန်

Listing Description

၁၉၄၅ ခုနှစ်၊ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ဦးဘသာနှင့် ဒေါ်ကြင်နုတို့မှ တံတားဦးမြို့၊ အင်းဝတွင် မွေးဖွားခဲ့သည်။ မွေးချင်း ၁၃ ယောက်ရှိသည့်အနက် ၆ ယောက်မြောက်ဖြစ်သည်။ အင်းဝတွင်မွေးဖွားခဲ့ပြီးနောက် ရန်ကုန်မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့ကာ မြို့မအမျိုးသားအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့သည်။

ဦးသိန်းတန် အသက် ၁၃ နှစ်အရွယ်တွင် ကမ္ဘာကျော်ရော့ခ်ဘုရင် အဲလ်ဗစ်ပရက်စလေ(Elvis Presley) ၏ King Creole ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုပြီးနောက်ပိုင်းတွင် ဦးသိန်းတန်၏ရင်ထဲ၌ ဂီတပိုးစတင်စီးဝင်ခဲ့သည်။ အနုပညာကို အရူးအမူးဝါသနာပါလွန်းသဖြင့် ဖခင်ဖြစ်သူက အိမ်ပေါ်မှနှင်ချခြင်းကို ခံခဲ့ရသည်။ နှင်ချခံရပြီးနောက် သူငယ်ချင်းများ၏အိမ်တွင် တစ်လှည့်စီနေထိုင်ရင်း ငယ်ဘဝကုန်ဆုံးခဲ့ရသည်။

ပထမဦးစွာ အနုပညာခြေလှမ်းအနေဖြင့် ဗစ်တာခင်ညို ၏ The Shades တီးဝိုင်းတွင် လိဒ်ဂစ်တာကို စတင်တီးခတ်ခဲ့သည်။ ထိုစဉ်က လျှပ်စစ်ဂစ်တာများ ယခုကဲ့သို့ မပေါများသေးသောကြောင့် ကိုယ်ပိုင်တီထွင်ထုတ်လုပ်သောလျှပ်စစ်ဂစ်တာများဖြင့်သာ တီးခတ်ခဲ့ရသည်။

ထို့နောက်ပိုင်းတွင် ပလေးဘွိုင်းသန်းနိုင် ၏ Playboy တေးဂီတအဖွဲ့နှင့်လက်တွဲကာ တေးသီချင်းများစတင်သီဆိုခဲ့ကာ ပထမဦးဆုံးသီဆိုခဲ့သည့်သီချင်းမှာ ဇော်မင်းလေး ရေးသားသီကုံးသည့် "မနောအလှပန်းမောင့်ချစ်သူ" ဖြစ်သည်။

၁၉၇၉ ခုနှစ်အရောက်တွင် ကိုယ်တိုင်ဦးဆောင်ကာ L.P.J (Love,Peace & Joy) အမည်ရှိ တီးဝိုင်းကိုထူထောင်ဖွဲ့စည်းခဲ့သည်။ ထို L.P.J တီးဝိုင်းဖြင့်လည်း တေးသီချင်းများနှင့်တေးစီးရီးများ သီဆို၊ တီးခတ်၊ ထုတ်လုပ်ခဲ့ရာ အများစုမှာ လူကြိုက်များအောင်မြင်ခဲ့သည်။

ဦးသိန်းတန်သည် စတီရီယိုသီချင်းများကိုသာမက မြန်မာဆိုင်းဝိုင်းနှင့် တွဲဖက်တီးခတ်သော စီးရီးများစွာကိုလည်း အောင်မြင်စွာသီဆိုထုတ်လုပ်နိုင်ခဲ့သူဖြစ်သည်။ "စုံတောမြိုင်" စီးရီးခွေသည် ထိုခေတ်ထိုအခါက အိမ်တိုင်းလိုလိုမရှိမဖြစ် ဝယ်ယူအားပေးခြင်းခံခဲ့ရသည့် ကက်ဆက်ခွေဖြစ်သည်။ "စုံတောမြိုင်" စီးရီးနောက်ပိုင်းတွင်လည်း "ရွှေသုန္ဒရီ" ၊ "ကကြိုးမပျောက်ပါစေနဲ့ရွှေသုန္ဒရီ" ၊ "ကချေသည်လေးငိုရယ်ငိုရယ်" ၊ "ရွှေပင်ဆင့်" ၊ "စုံနံ့သာမြိုင်" အစရှိသည့် မြန်မာသံတေးစီးရီးများကို သီဆိုထုတ်လုပ်ခဲ့သည်။ ထို့အပြင် ၂၀ရာစုကိုကျော်ညွန့် ၏ တေးလက်ရာစီးရီးခွေများဖြစ်သည့် "ချိုပလီသဲ" ၊ "ရှက်ပြုံး" ၊ "သမင်မျက်လုံး" ၊ "ဘယ်သူကစတာလဲ" စသည်တို့ကို သီဆိုထုတ်လုပ်ခဲ့ရာ အောင်မြင်ခဲ့သည်။

ထိုစဉ်အချိန်အခါက စတိတ်ရှိုးပွဲများ ဖျော်ဖြေတင်ဆက်ခဲ့ရာတွင် ပွဲကြည့်ပရိသတ်များက ခုံတန်းရှည်ကြီးများဖြင့်သာထိုင်၍ အားပေးခဲ့ရသော်လည်း ဦးသိန်းတန်တို့ ခေတ်ရောက်သောအခါ ကုလားထိုင်ကြီးများဖြင့် အဆင်ပြေပြေထိုင်၍အားပေးနိုင်ရန် စီစဉ်နိုင်ခဲ့ကြသည်။ နောက်တစ်ခုမှာ ထိုအချိန်က စင်မြင့်ပေါ်တွင်သီဆိုဖျော်​ဖြေနေကြသော စတီရီယိုတေးသံရှင်များကို လူကြီးသူမများက အလွန်ကြည့်မရသောကြောင့် ဦးသိန်းတန်က သူသီဆိုရမည့်အလှည့်ရောက်တိုင်း လူကြီးများ အမြင်ကြည်လင်လာစေရန် "မင်္ဂလာပါခင်ဗျာ" ဟု ဦးစွာနှုတ်ခွန်းဆက်လေ့ရှိသည်။ ယခုခေတ်အနုပညာရှင်များ "မင်္ဂလာပါ" ဟု နှုတ်ခွန်းဆက်သည့်အလေ့အထမှာ ဦးသိန်းတန် စတင်တီထွင်ခဲ့ခြင်းဖြစ်သည်ဟုဆိုလျှင် မမှားနိုင်ပေ။

၁၉၈၂ ခုနှစ်တွင် “တေးပုလဲ” စီးရီး ထွက်ရှိခဲ့သည်။ တောင်ပြာတန်းကမောင့်ချစ်သူ၊ စတိရှိုးနှင့် တိတ်တခိုးအချစ်၊ ရွှေဘုံစံမင်းသမီးလေး၊ ရွှေရုပ်လေးကောက်ရသူ၊ စနေထောင့်မှာ ပန်းလှူမယ်၊ သူ့ဆိုမှချစ်မိခဲ့၊ မေတ္တာရေလှိုင်း စသည့် သီချင်းများမှာ ဂီတမှတ်တိုင် စိုက်ထူနိုင်ခဲ့သော သီချင်းကောင်းများဖြစ်သည်။

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလစ်တွင် ပြောင်းရွှေ့နေထိုင်ပြီး ဧည့်ခံပွဲများ၌ လှည့်လည်သီဆိုခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် အဆိုတော် ဇော်ဝင်းထွဋ်၏ ကမ်းလှမ်းမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ Myanmar Idol Season 2 တွင် ဒိုင်တစ်ဦးအဖြစ် ပါဝင်လုပ်ဆောင်ခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် တစ်ကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ထို့နောက် “ဖက်ရှင်”၊ “အဆိုတော်တွေနေတဲ့ရွာ” ဇာတ်ကားများ ရိုက်ကူးခဲ့သည်။

သမီးဖြစ်သူ ပိုးဒါလီသိန်းတန်မှာလည်း အောင်မြင်သော အဆိုတော် တစ်ဦးဖြစ်သည်။