ကျိုက်တမော့လဲ့စေတီတော်

Listing Description

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်စံပြကျေးရွာတွင် တည်ရှိသည်။ စေတီတော်သမိုင်းအရ မဟာသက္ကရာဇ် ၁၁၁ ခုနှစ်တွင် မြတ်စွာဘုရားရှင်နှင့် နောက်ပါရဟန္တာတို့ သုဝဏ္ဏိဘူမိသို့ ကြွချီလာပြီး ရသေ့များအား ဆံတော်များပေးအပ်ချီးမြှင့်ခဲ့ရာ သီလသုဒ္ဓအမည်ရှိသော ရသေ့တစ်ပါးက မိမိရရှိသော ဆံတော်ဓာတ်တစ်ဆူကို မွန်မြတ်သန့်စင်သော ကြုတ်အတွင်း ဌာပနာသွင်း၍ မြေမြတ်တစ်နေရာတွင် မြှုပ်နှံသိမ်းဆည်း ကိုးကွယ်ခဲ့သည်။ ထိုရသေ့ကွယ်လွန်ပြီးနောက် နှစ်ကာလကြာမြင့်လာသောအခါ ဆရာတော်ဦးဝိသုဒ္ဓဦးဆောင်သော ဆရာတပည့်ငါးဦးက ဓာတ်တော်ကြုတ်ကို တွေ့ရှိခဲ့ကြရာ ယင်းဆံတော်ဓာတ်ကို ဌာပနာ၍ ဉာဏ်တော်အမြင့် ၁၈ တောင်ရှိ စေတီတစ်ဆူကို တည်ထားကိုးကွယ်ခဲ့ပါသည်။ ထူထပ်ကျစ်လစ်သော ကျောက်ပြားကြီးကို ထွင်းဖောက်ပြုပြင်၍ တည်ထားခဲ့သောကြောင့် "ကျိုက်တမော့လဲ့စေတီတော်"ဟု ခေါ်တွင်ခဲ့ပါသည်။ ခေတ်ကာလ ကြာမြင့်လာသဖြင့် စေတီတော်ယိုယွင်းလာခဲ့ရာ သက္ကရာဇ် ၁၂၈၅ ခုနှစ်တွင် ဘုရားဒကာ ဦးမြို့ဦးဆောင် ကမ္မကထပြု၍ စေတနာရှင်အများပြည်သူကောင်းမှုဖြင့် မူလစေတီတော်အား ဉာဏ်တော်အမြင့် ၆ တောင်မြှင့်၍ ဒုတိယအကြိမ် ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။ သက္ကရာဇ် ၁၃၂၀ ပြည့်နှစ်တွင် ဝါးကျောင်းဆရာတော် ဦးဥတ္တမဦးဆောင်၍ စေတီတော်အား ဉာဏ်တော်အမြင့် မြှင့်တင်ခြင်း၊ စေတီတော်လုံးပတ်တော်ကို မူလစက်ဝိုင်းပုံစံမှ ရန်ကုန်မြို့ ဆူးလေစေတီတော်ပုံစံ (ရှစ်မြှောင့်ပုံစံ) ပြောင်းလဲတည်ဆောက်၍ တတိယအကြိမ် ပြုပြင်မွမ်းမံခဲ့ပါသည်။ သက္ကရာဇ် ၁၃၆၄ ခုနှစ် နှောင်းတန်ခူးလဆန်း ၅ ရက်နေ့တွင် ကွမ်ရိုက်ရွာနေ ဦးမြမွှေး+ဒေါ်လှမေတို့၏သား ရန်ကုန်မြို့နေ ဦးအောင်ကြည်သိန်း+ဒေါ်ဝင်းမြင့်ရီ မိသားစုတို့က စေတီတော်အား ဉာဏ်တော်အမြင့် မြှင့်တင်ခြင်း၊ စေတီတော်လုံးပတ်တော်ကို ရှစ်မြှောင့်ပုံစံမှ ယနေ့ဖူးမြော်ရသည့် စက်ဝိုင်းပုံစံသို့ ပြန်လည်ပြုပြင်၍ ထီးတော်သစ်တင်လှူပူဇော်ခဲ့ပါသည်။ စေတီတော်သည် အောက်ခြေအဝန်း ၁၀၂ တောင်၊ ဉာဏ်တော်အမြင့် ၆၁ တောင်ရှိပါသည်။