သဗ္ဗညုစေတီတော်

Listing Description

သဗ္ဗညုစေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံနန်းမြို့ရိုးအတွင်း အာနန္ဒာဘုရားကြီး၏ အနောက်တောင်ဘက် ကိုက် ၅၀ဝ ခန့် အကွာတွင် တည်ရှိပါသည်။ အေဒီ ၁၁၄၄ ခုနှစ်တွင် အလောင်းစည်သူမင်းကြီးမှ ရှင်မဟာမောဂ္ဂလ္လာန် ကြပ်မတ်၍ တည်ဆောက်ခဲ့သော ကျောင်းအမကြီး ဝိသာခါ၏ ပုပ္ဖာရုံကျောင်းတော်ကြီးကို အတုယူကာ တည်ထားကိုးကွယ်ခဲ့ခြင်း ဖြစ်သည်ဟု ဘုရားသမိုင်းများတွင် ဆိုပါသည်။ ဉာဏ်တော် အမြင့်မှာ ဖိနပ်တော်မှ ငှက်မြတ်နားအထိ ၂၀၁ ပေ မြင့်ပြီး ပုဂံတွင် ရှိသမျှဘုရားစေတီများအနက် ဉာဏ်တော်အမြင့်ဆုံးစေတီတော်ဖြစ်ပါသည်။ သဗ္ဗညုဘုရားကြီး၏ အမည်မှာ မူလအမည်ဖြစ်ကြောင်း သိရပါသည်။ မြတ်စွာဘုရားရှင်၏ သဗ္ဗညုတရွှေဉာဏ်တော် သဘောအဓိပ္ပာယ်ဖြစ်ပါသည်။ စေတီတော်သည် စင်္ကြန်လိုဏ်ပတ်လမ်းနှင့် လေးဆင့်ပါရှိသော ဝတ်ပြုရန်စေတီ၊ ဝိဟာရ (စာသင်ကျောင်း)နှင့် ပိဋကတ်တိုက်ပါ ရောနှောတည်ဆောက်ထားသော ဂူဘုရားကြီးဖြစ်ပြီး ပစ္စယာ ၇ ဆင့်ရှိပါသည်။ အပေါ်ဆင့်တွင် ကြာပလ္လင်ခံ ဘယ်တင်ညာချ အုတ်ဆင်းတုကြီးရှိပြီး အဆိုပါဆင်းတုတော်ကြီး၏ ဦးခေါင်းတော်မှာ ၁၉၇၅ ခုနှစ်၊ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသဖြင့် ဦးခေါင်းတော်တွင်းမှ အန္တကူဆင်းတုတစ်ဆူ (ယခု ပုဂံပြတိုက်တွင် ပြသထားသည်) ရရှိခဲ့ပါသည်။ စေတီတော်ကြီး၏ အနောက်ဘက်မျက်နှာမုခ် လိုဏ်အတွင်း မျက်နှာကျက်နှင့် နံရံများတွင် မူလနံရံဆေးရေးပန်းချီ လက်ရာများ ရှိပါသည်။ မျက်နှာကျက်တွင် ခြေတော်ရာတစ်စုံရှိပြီး ဘုရားရှင်အား ပူဇော်ဟန် သိကြားနှင့် ဗြဟ္မာပုံများလည်း ရှိပါသည်။ မုခ်တံကဲများတွင် အင်္ဂတေပန်းတော့လက်ရာများလည်း ရှိပါသည်။ သဗ္ဗညုဘုရားကြီး၏ အရှေ့မြောက်ဘက်တွင် ဂရို့ချိုးဟု အစဉ်အလာခေါ်လာခဲ့သော စေတီပေါက် ဂူဘုရားတစ်ဆူရှိပြီး ထိုစေတီမှာ အုတ်တစ်ဖိုတွင် အုတ်တစ်ချပ်ကျ ဂရို့ချိုးကာ ဂရို့ချိုးထားသော အုတ်များဖြင့် တည်ထားသည်ဟု အစဉ်အလာမှတ်သားခဲ့ကြပါသည်။ ဂူဘုရားကြီး၏ အရှေ့တောင်ဘက်တွင် မူလအလောင်းစည်သူမင်းကြီး၏ ကောင်းမှုဖြစ်သော ကြေးခေါင်းလောင်းတော်ကြီး ချိတ်ရန် ကျောက်ခေါင်းလောင်းတိုင်ကြီးနှစ်တိုင်ကို တွေ့ရှိနိုင်ပြီး ယင်းခေါင်းလောင်းတိုင်ကြီးထိပ်ပိုင်းတွင် သုံးထောင့်ပုံ ကျောက်ဆစ်ပန်းခက်ကြီးများကို လှပစွာထွင်းထုထားပါသည်။ ခေါင်းလောင်းကြီးမှာ တစ်ချိန်က မသမာသူများလက်ချက်ကြောင့် ပျက်စီးခဲ့ရပြီး ယခုအခါ မရှိတော့ပါ။ သဗ္ဗညု လိုဏ်ဂူတော် ဘုရားကြီးသည် ရှေးအခါက သံဃာတော်များ ပရိယတ္တိစာဝါ လေ့လာရန်နှင့် ပိဋကတ်တိုက်သဖွယ် အသုံးပြုခဲ့ကြပါသည်။ ပုဂံ၏ အလှဆုံးအချိန်ဟု သတ်မှတ်ထားသော ညနေနေဝင်ရီတရော အချိန်၌ ပုဂံ၏ အလှရှုခင်းအရသာကို သဗ္ဗညုဘုရားပေါ်မှ ကြည့်ရှုခံစားနိုင်ပါသည်။