ရွှေဂူတောင်စေတီ

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်းမှအရှေ့မြောက်ဘက်၊ မြောက်ဦးမှ ဆင်အိုးရွာသို့ထွက်လမ်း၊ ရတနာ့မာန်အောင်ဘုရားအနီး၊ လမ်း၏ယာဘက် ရွှေဂူတောင် ဘုန်းတော်ကြီးကျောင်း အနီးတွင် တည်ရှိသည်။ သက္ကရာဇ် ၇၉၂ ခုနှစ် (ခရစ်နှစ် ၁၄၃၀)တွင် မင်းစောမွန်က မြောက်ဦးမြို့တည်ဘုရားအဖြစ် တည်ထားခဲ့ပါသည်။ နန်းဦးဘုရားအဖြစ် မင်းအဆက်ဆက်ကိုးကွယ်ခဲ့ကြသည်။ ဘုရားကုန်းတော်၏ အနောက်ဘက်တွင် ရင်ပြင် ၃ ဆင့်ရှိပြီး အောက်ဆုံးအဆင့်တွင် ဘုရားဂူငယ် ၈ ခုပါရှိသော နံရံတစ်ခုရှိသည်။ ဂူငယ်တို့၏အကြားတွင် ဥဒေါင်းရုပ်များရှိသည်။ ထို့ကြောင့် "ရွှေဂူလမ်းညွှန် ဥဒေါင်းတွန်" ဟု ပြောဆိုလေ့ရှိကြသည်။ အပေါ်ဆုံးအဆင့်တွင် ရွှေဂူတောင်စေတီကြီးရှိပြီး အလယ်အဆင့်တွင် ဘုရားဂူငယ် ၈ ခုပါရှိသော နံရံတစ်ခုရှိသည်။ ရွှေဂူတောင်စေတီကြီး၏အောက်ခြေမှာ ပေ ၅၀ ခန့်ရှိပြီး ဉာဏ်တော်အမြင့် ပေ ၈၀ ခန့်ရှိပါသည်။ စေတီတော်ကြီး၏ ပုံသဏ္ဌာန်မှာ အောက်ခံဂူပေါ်မှ အပေါ်သို့ ချွန်တက်သွားပြီး အရံစေတီ ၄ ဆူဝန်းရံထားရှီသည်။ စေတေီတော်၏ တောင်ဘက်၊ မြောက်ဘက်၊ အနောက်ဘက်တို့တွင် နံရံကပ်ဘုရားဂူငယ်များရှိပြီး အနောက်ဘက်တွင် စောင်းတန်းလှေကားရှိသည်။ စေတီတော်ကြီး၏ မူရင်းပုံရှိခဲ့သည်။ ပြိုပျက်သွားခဲ့ရာ အင်္ဂလိပ်အရေးပိုင် မစ္စတာအာရမ်ဟောသည် ခရစ်နှစ် ၁၉၃၇ ခုနှစ်တွင် လိုဏ်ဂူအပေါ်မှ ထုချွန်ပုံစေတီ တည်ထားခဲ့သည်။ စေတီ၏အပေါ်ပိုင်းမှာ ပြိုပျက်ခဲ့သဖြင့် ရွှေဂူတောင်ဘုရားဂေါပကအဖွဲ့မှ ယခုရှိသော စေတီအပေါ်ပိုင်းကို ပြုပြင်ထားခဲ့သည်။ စေတီတော်၏ အရှေ့ဘက်ရင်ပြင်တွင် ရှေးအခါက ဗုဒ္ဓပူဇနိယအကဖြင့် ဘုရားကိုပူဇော်ရန်အတွက် ကျောက်ပြားကြီးများ ခင်းထားသည်ကို ယနေ့တိုင်တွေ့မြင်နိုင်ပါသည်။