မင်းပေါင်းရွှေဂူစေတီ (ခေါ်) အလယ်စေတီ

Listing Description

မြောက်ဦးမြို့ အနော်မာဘုရားကြီး၏ တောင်ဘက် ပေ ၅၀ ခန့်အကွာ တောင်ကုန်းငယ်ပေါ်တွင် တည်ရှိသည်။ ဘုရင် မင်းစကြာသည် ကောဇာသက္ကရာဇ် ၉၂၆ ခုနှစ် (အေဒီ ၁၉၆၄) တွင် တည်ထားကိုးကွယ်ခဲ့သည်။ မင်းခမောင်းဘုရင် (အေဒီ ၁၆၁၂-၁၆၂၂)၏ မိဖုရားသျှင်ထွေးက ငွေစင်တစ်သိန်းအကုန်အကျခံ၍ ဤစေတီအတွက် လယ်မြေအမြောက်အများလှူဒါန်းခဲ့ကြောင်း ကျောက်စာရေးထိုးခဲ့သည်။ ထိုကျောက်စာကို မြောက်ဦးမြို့ရှေးဟောင်းသုတေသနပြတိုက်တွင် ထားရှိသည်။ စေတီတော်မှာ လုံးပိတ်ထုခွန် ကျောက်စေတီဖြစ်ပြီး စေတီတော်ပတ်လည် ၁၉၀ ပေ နှင့် ဉာဏ်တော်အမြင့် ၄၀ ပေ ခန့်ရှိသည်။ စေတီတော်လှိုဏ်အဆုံးတွင် ဉာဏ်တော် ၂ ပေကျော်ရှိသော ဆင်းတုတော် နှစ်ဆူကို ဖူးတွေ့ရသည်။ စေတီတော်၏ အရပ်လေးမျက်နှာတွင် မုခ်ဖွင့်လှေကား တစ်ခုနှင့် ဆင်းတုတော်တစ်ဆူစီတို့ တည်ရှိသည်။ စေတီတော်၏ ဂန္ဓကုဋီတိုက်သို့ဝင်လမ်းမှာ တစ်ဆစ်ချိုးသပ်စီ ပေါင်းမိုးဂူလမ်းဖြစ်သည်။ စေတီတော်ရင်ပြင်အနောက်ဘက်တက်လမ်းရှိ လှေကားနံရံ၏အပြင်ဘက်တွင် ခြေလေးဖက်ပါသော နဂါးရုပ်ငယ်များအား နဂါးအကြေးကွက်များပေါ်အောင် ကျောက်ဆစ်လက်ရာဖြင့် ထုဆစ်ထားသည်ကို လေ့လာနိုင်ပါသည်။