ကိုးနဝင်းစေတီတော်

Listing Description

မြောက်ဦးမြို့အရှေ့ဘက် စံကားတောင်တန်းရှိ သာရပဗ္ဗတတောင်တွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၈၀ ပြည့်နှစ် (ခရစ်နှစ် ၈၁၈)တွင် ခေတ္တသင်မင်းက မြတ်စွာဘုရားရှင်၏ ဓာတ်တော်များနှင့် သျှင်သစ္စဗန္ဗဝရဟန္တာအရှင်မြတ်၏ ဓာတ်တော်များကို ဌာပနာ၍ တည်ထားခဲ့ပါသည်။ စေတီတော်အောက်ခြေမှာ ရှစ်မြှောင့်ပုံရှိပြီး စေတီတော်ကိုရံ၍ အရပ်ရှစ်မျက်နှာသို့ မျက်နှာပြုထားသော ဓာတ်လုံးပုံစေတီငယ်ရှစ်ဆူရှိသည်။ စေတီစုစုပေါင်း ကိုးဆူရှိ၍ ကိုးနဝင်းစေတီဟု ခေါ်တွင်ခဲ့သည်။ စေတီအရှေ့ဘက်ရှိ ဂူကျောင်းထဲတွင် ပစင်္ကမုဒြာပိလေယျအာသနထိုင်ပုံ ဆင်းတုတော်ရှိသည်။ တောင်ဘက်ရှိ ဂူကျောင်းထဲတွင် ဥတ္တရဗောဓိမုဒြာ ဆင်းတုတော်ရှိသည်။ အနောက်တောင်ထောင့်ရှိ ဂူကျောင်းထဲတွင် ခြေဖဝါးကို လက်ယာလက်ညိုးဖြင့် ညွှန်နေသည့် လက္ခဏဒီပမုဒြာပုံ ဆင်းတုတော်ရှိသည်။ အနောက်ဘက်ရှိ ဂူကျောင်းထဲတွင် ပရိနိဗ္ဗာန်စံနေပုံ ဆင်းတုတော်ရှိသည်။ အနောက်မြောက်ထောင့်ရှိ ဂူကျောင်းထဲတွင် ယက္ခများကို တရားဟောနေပုံ ယက္ခဓမ္မဒေသနာတော်မုဒြာ ဆင်းတုတော်ရှိသည်။ မြောက်ဘက်ရှိ ဂူကျောင်းထဲတွင် ဘူမိဖဿမုဒြာပုံဆင်းတုတော်ရှိသည်။ အရှေ့မြောက်ထောင့်ရှိ ဂူကျောင်းထဲတွင် အဘယမုဒြာပုံဆင်းတုတော်ရှိသည်။