ထီးသုံးဆင့်စေတီ၊ ရွှေမြင်မိစေတီတော်နှင့် ပိဋကတ်တိုက်ကျောက်စာများ

Listing Description

မန္တလေးတိုင်းဒေသကြီး၊ မိတ္တီလာမြို့၊ သီရိမင်္ဂလာရပ်ကွက်၊ မိတ္ထီလာ-မြင်ခြံလမ်းဘေးရှိ ရွှေမြင်မိစေတီနှင့် ထီးသုံးဆင့်စေတီသည် မဟာရံတံတိုင်းတစ်ခုအတွင်း တည်ရှိပြီး စေတီတော်နှစ်ဆူကို ဝင်းတစ်ခုတည်းအတွင်း၌ ဖူးမြော်နိုင်ပါသည်။ ထီးသုံးဆင့်စေတီတော်ကို မြန်မာသက္ကရာဇ် ၅၆၃ ခုနှစ်တွင် နရပတိစည်သူမင်းက တည်ထားကိုးကွယ်ခဲ့ပါသည်။ ရွှေမြင်မိစေတီတော်ကိုလည်း နရပတိစည်သူမင်းကပင် တည်ထားခဲ့ပြီး မူလက စေတီငယ်တစ်ဆူသာ ဖြစ်ခဲ့ဟန်ရှိကာ နှစ်ကာလကြာမြင့်ချိန်တွင် ငလျင်ဒဏ်များကြောင့် ပြိုကျပျက်စီးခဲ့သည်ဟု မှန်းဆရကြောင်း မိတ္ထီလာသမိုင်း ပြုစုခဲ့သူ ဦးထွဏ်းလွင်က သုံးသပ်ခဲ့ပါသည်။ ပြိုကျပျက်စီး နေသည့် ရွှေမြင်မိစေတီကို ဦးလှိုင်းနှင့် ဇနီး ဒေါ်အိမ်ငြိမ်း တို့က ခရစ်နှစ် ၁၈၉၂ ခုနှစ်တွင် မွမ်းမံပြင်ဆင်ခဲ့ရာ ၁၉၀၁ ခုနှစ်တွင် ပြီးစီး၍ ထီးတော်တင်လှူခဲ့ပါသည်။ ဘုရားသမိုင်း ကျောက်စာတွင် ရွှေမြင်မိစေတီ ထီးတော်ကို မြန်မာ သက္ကရာဇ် ၁၂၆၂ ခုနှစ် တပို့တွဲလဆန်း ၁၄ ရက် (၁၉၀၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်) သောကြာနေ့တွင် တင်လှူကြောင်း ရေးထိုးထားပါသည်။ ထီးတော်သည် အမြင့် ၁၂ တောင်နှင့် အဝန်း လေးတောင်နှစ်မိုက် ရှိပါသည်။ အလှူရှင်ဦးလှိုင်းနှင့် အများပြည်သူကောင်းမှုဖြင့် မန္တလေးမြို့မှ ကျောက်ဆစ်သမားများကို ခေါ်ယူ၍ ပိဋကတ်တော် ကျောက်စာများကို မြန်မာသက္ကရာဇ် ၁၂၇၇ ခုနှစ် တော်သလင်း လပြည့်ကျော် ၁ ရက် (၁၉၁၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်) တွင် ပိဋကတ်တော် အဋ္ဌကထာ ကျောက်စာချပ်ပေါင်း ၅၉၇ ချပ်ကို စတင်ထွင်းထုခဲ့ရာ မြန်မာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ် နယုန်လပြည့်ကျော် ၁ ရက် (၁၉၂၈ ခုနှစ် ဇွန်လ ၃ ရက်) တွင် ပြီးစီးခဲ့သည်။ ယင်းကျောက်စာများမှာ ဝိနည်းငါးကျမ်း ၁၁၄ ချပ်၊ သုတ်သုံးကျမ်း ၇၄ ချပ်၊ အဘိဓမ္မာခုနစ်ကျမ်း ၁၀၆ ချပ်၊ ပဏ္ဏာသသုံးကျမ်း ၁၀၅ ချပ်၊ သံယုတ်ငါးကျမ်း ၇၈ ချပ်၊ အင်္ဂုတ္ထိုရ်နှင့် ခုဒ္ဒကပါဌ် အချပ် ၁၂၀ တို့ဖြစ်ကာ ရွှေမြင်မိ စေတီဝင်းအတွင်း ကျောက်စာတိုက် ခြောက်ခု၌ စိုက်ထူခဲ့ပါသည်။ ရဟန္တာအရှင်မြတ် ရှင်အရဟံအမှူးပြု၍ သိမ်သမုတ်ခဲ့သော မိတ္ထီလာမြို့၏ သမိုင်းဝင်သိမ်ကိုးသိမ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ထီးသုံးဆင့်သိမ်သည်လည်း ရွှေမြင်မိစေတီဝင်းအတွင်းတွင် တည်ရှိပါသည်။