ရွှေအံတော်စေတီတော်

Listing Description

သံတွဲမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်းရှိ ဝါသုရတောင်ကုန်းပေါ်တွင် တည်ရှိသည်။ ဓညဝတီပြည့်ရှင် သူရိယစက္ကမင်းကြီးသည် မဇ္ဈိမဒေသ သီရိဓမ္မာသောကမင်းကြီးထံမှရရှိသော ဘုရားရှင်၏ ဓာတ်တော်များကို နေရာဒေသတောတောင်တို့ကို သတ်မှတ်လျက် လက်အောက်ခံဘုရင်များနှင့် မှူးမတ်တို့အား စေတီပုထိုးများတည်ထားစေခဲ့ရာ ဒွါရဝတီ သံတွဲမြို့စား ဓမ္မသူရအမတ်ကြီး ဦးဆောင်၍ သာသနာတော် သက္ကရာဇ် ၂၃၆ ခုနှစ်တွင် မြတ်စွာဘုရားရှင် တန့်တော်မူတောင်၌ ဗျာဒိတ်တော်ပေးခဲ့သည့်အတိုင်း ဆံတော်စေတီ၊ အံတော်စေတီနှင့်နံတော်စေတီများကို တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။

မင်းဗာကြီးဘုရင်လက်ထက်တွင် ဝါသုရတောင်ပေါ်တွင် တည်ထားခဲ့သည့် ဗုဒ္ဓအံတော်မြတ်ကိုပင့်ဆောင်၍ နန်းတော်၏အရှေ့ဘက်ရှိ နိဗ္ဗာန်ဆောင်တွင် ရွှေကလပ်ပေါ်၌ထား၍ ကိုးကွယ်ခဲ့ပြီး ဝါသုရတောင်ရှိ နေရာဟောင်းတွင် အံတော်ပွားတစ်ဆူဌာပနာ၍ ဤအံတော်စေတီကို တည်ထားကိုးကွယ်ခဲ့သည်။ မင်းဗာကြီးလွန်ပြီးနောက် ၎င်း၏မြေးတော် မင်းရာဇာကြီးက အံတော်သိမ်ပုထိုးတော်ကြီးကို တည်ဆောက်ခဲ့ရာတွင် ဤအံတော်ဓာတ်ကို ဌာနပပြု၍ တည်ထားခဲ့သည်။ မသမာသူတို့ ခိုးယူမှုကြောင့် အံတော်ပါသွားသည့်အဖြစ်နှင့် ကြုံတွေ့ရသဖြင့် မူလပုထိုးတော်၌ မထားတော့ပဲ ဘုရားပေါ်ကျောင်းဟောင်း (စိုင်ပြင်ကျောင်း) ဆရာတော်ကြီးထံအပ်နှံ၍ ပူဇော်ခဲ့ကြသည်။ ထိုမှတဆင့် ဘုံကျောင်း (လောကမာရ်အောင်)သို့ ဒေသစာရီကြွရောက်ပြီး ညောင်ပင်ဈေးကျောင်းတိုက်ဟောင်းရှိ ဂန္ဓကုဋီတိုက်တွင် ၄၂ နှစ်တိုင်တိုင် ကိန်းဝပ်စံပ္ပါယ်တော်မူခဲ့သည်။ ၂ နှစ်တစ်ကြိမ် အံတော်ဓာတ်ကို ပင့်ဆောင်ပူဇော်ပွဲများပြုလုပ်ရာ သက္ကရာဇ် ၁၂၆၃ ခုနှစ်တွင် ပင့်ဆောင်ပူဇော်လာစဉ် ညောင်ပင်ဈေးတံတားအရောက်၌ တံတားကျိုးကျသွားသဖြင့် ပင့်ဆောင်လာသည့် ဝေါယာဉ်နှင့်အတူ အံတော်ဓာတ်မှာ ရေထဲသို့ ကျဆင်းသွားခဲ့သည်။ ထို့နောက် တောင်ရပ်အုပ်စု ငခြောက်ဈေးရပ်ကွက်မှ ဆေးဆရာကြီး ဦးတက်ခါးဖြူသည် အနီးတွင်ရှိသည့် ရက္ခတောင်ပေါ်တွင် အံတော်ဓာတ်ကို ပြန်လည်တွေ့ရှိခဲ့သည်။ အံတော်ဓာတ်ကို ၁၂၆၃ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်နေ့တွင် ဗန္ဓုလကျောင်းတိုက် (ယခု စန္ဒမုနိဘုရားကြီးကျောင်း)ဆရာတော်ကြီး ဦးပုညလက်သို့ ပေးအပ်လှူဒါန်းခဲ့ပြီး အံတော်မြတ်မှာ ယခုအခါ စန္ဒာမုနိကျောင်းတိုက်တွင် ကိန်းဝပ်လျက်ရှိပါသည်။