မြန်မာ့သမိုင်းပညာရှင်ဆရာမကြီးဒေါ်ကြန် (၁၉၁၈-၂ဝ၁၉)

Listing Description

ဒေါ်ကြန်သည် လူသိများထင်ရှားသော သမိုင်းပညာရှင်တစ်ဦးဖြစ်သည်။ သူဘဝ၏အချိန် အများစုကို မြန်မာ့သမိုင်းနှင့်ပတ်သက်၍ သုတေသနပြုလုပ်ရန်နှစ်မြှုပ်ထားခဲ့သည်။

၁၉၆ဝ ပြည့်လွန် နှစ် များမှစ၍ သမိုင်းဘာသာရပ်နှင့်ပတ်သက်သော စာအုပ်စာတမ်းများ၊ ဆောင်းပါးများကို ရေးသားခဲ့ပြီး သုတေသနကိုစိတ်ဝင်စားသော လူငယ်ပညာရှင်များကိုလည်း မွေးထုတ်ပေးခဲ့သည်။ ကလောင် အမည်မှာ မကြန်ဖြစ်သည်။ တစ်ခါတစ်ရံသူမ၏ အမည်ရင်း ဒေါ်ကြန်ကို ကလောင် အမည် အဖြစ် အသုံးပြုသည်

ဒေါ်ကြန်ကို ၁၉၁၈ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ ဦးကျော်ထွန်းဖြစ်ပြီး ကိုလိုနီခေတ်က သံတွဲမြို့၏ ကျန်းမာရေး ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မိခင်မှာ ဒေါ်ငွေနှင်းဖြစ်သည်။ အသက် (၉) နှစ်အရွယ် တွင် ဖခင်ကွယ်လွန်ခဲ့သည်။ မွေးချင်း မောင်နှမ (၄)ယောက်တွင် အကြီးဆုံးဖြစ်သည်။ ဒေါ်ကြန်သည် ၁၉၃၅ခုနှစ်တွင် သံတွဲမြို့ အစိုးရ အထက်တန်းကျောင်း အထက်တန်း စာမေးပွဲ ကိုအောင်မြင်ခဲ့ပြီး  အလယ်တန်းပြ ဆရာမအဖြစ် ခေတ္တ လုပ်ကိုင်ခဲ့ပြီး  သံတွဲစာတိုက်နှင့် စစ်တွေစာတိုက်တို့တွင် အထက်တန်း စာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။ 

၁၉၅၁ခုနှစ် အသက် (၃၂)နှစ်တွင် ရန်ကုန် တက္ကသိုလ်တွင် ပညာဆက်လက် သင်ကြားခဲ့ပြီး ၁၉၅၄ ခုနှစ်တွင်ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၅၉ခုနှစ်တွင် သမိုင်း ဘာသာရပ်ဖြင့် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။ မဟာဝိဇ္ဇာကျမ်းပြုစုနေစဉ် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ဌာနတွင် အချိန်ပိုင်းနည်းပြ အဖြစ် (၂)နှစ် ခန့်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၆ခုနှစ်တွင် မြန်မာ့သမိုင်း ကော်မရှင် (သမိုင်းသုတေသန) တွင် သုတေသနအရာရှိအဖြစ် ခန့်အပ်ခြင်းခံရသည်။ သူသည် သမိုင်းပညာရှင်တစ်ဦးဖြစ်သလို မြန်မာစာအဖွဲ့၏ အဖွဲ့ဝင်လည်းဖြစ်သည်။ ပါဠိ၊ မြန်မာစာ၊ အင်္ဂလိပ်စာ နှင့် သမိုင်းဘာသာရပ်တို့တွင် ကျွမ်းကျင်သည်။ 

ဆရာမကြီး ဒေါ်ကြန်၏ စာပေဆုများမှာ သမိုင်းသုတေသန စာတမ်းများနှင့် ဆောင်းပါးများ၊ စာအုပ်များစွာကို ရေးသား၊ စီစဉ်ပြုစု၊ တည်းဖြတ်ခဲ့ခြင်းများကြောင့် ၁၉၇၈ ခုနှစ်တွင် မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၈၆) စာအုပ်ဖြင့် အမျိုးသားစာပေ (သုတဝိဇ္ဇာ) ဆု၊ ၂ဝဝ၂ ခုနှစ်တွင် သမိုင်းရှာပုံတော်ခရီးနှင့် အခြားစာတမ်းများ စာအုပ်ဖြင့် အမျိုးသားစာပေ (သုတဝိဇ္ဇာ) ဆု၊ ၂ဝဝ၃ ခုနှစ်တွင် မဟာဝန်ရှင်တော်မင်းကြီး အုပ်ချုပ်ရေး (၁၈၈၆-၉၇) စာအုပ်ဖြင့် အမျိုးသားစာပေ (သုတဝိဇ္ဇာ) ဆု၊ ၂ဝဝ၄ ခုနှစ်တွင် ပခုက္ကူဦးအုန်းဖေ တစ်သက်တာ စာပေဆု၊ ၂ဝဝ၅ ခုနှစ်တွင် ကိုလိုနီခေတ်ဦး ကျေးရွာအုပ်ချုပ်ရေး (၁၈၈၆-၉၇) စာအုပ်ဖြင့် အမျိုးသားစာပေ (သုတဝိဇ္ဇာ) ဆု၊ ၂ဝဝ၆ ခုနှစ်တွင် ဝိဇ္ဇာပညာ ထူးချွန်ဆု (ပထမဆင့်)၊ ၂ဝဝရ ခုနှစ်တွင် ၂ဝဝ၆ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ Selected Writing of Daw Kyan (Bilingual) စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆု၊ ၂ဝဝ၃၊ ၂ဝဝ၅၊ ၂ဝဝရ ခုနှစ်များတွင် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားများ၌ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်မှ ချီးမြှင့်သော ထူးချွန်အမျိုးသမီးဆုများ၊ ၂ဝဝ၉ ခုနှစ်တွင် ကုန်းဘောင်ခတ် အခွန်တော်ရေးရာစာအုပ်ဖြင့် အမျိုးသားစာပေဆု၊ ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်သမ္မတကြီးထံမှ စည်သူဘွဲ့တံဆိပ်များကို ရရှိခဲ့သည်။ ဒေါ်ကြန်သည် ၂ဝ၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။