အံတော်သိမ်ပုထိုးတော်ကြီး

Listing Description

ရခိုင်ပြည်နယ် မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီး၏ မြောက်ဘက် ပေ ၁၀၀ ခန့်အကွာတွင် တည်ရှိသည်။ ပုထိုးနှင့် သိမ်ကို အုတ်တံတိုင်းကာရံထားသည်။ မင်းလှရာဇာစောမွန်သည် ယခုအံတော်သိမ်ပုထိုးနေရာ၌ သက္ကရာဇ် ၈၈၃ ခုနှစ်တွင် ဗုဒ္ဓဆင်းတုတော်တစ်ဆူတည်၍ သိမ်တော်တည်ဆောက်ခဲ့ကြောင်းသိရသည်။ မင်းဗာဘုရင်မင်းမြတ် ထီးနန်းမဆက်ခံမီ အိမ်ရှေ့မင်းသား သံတွဲစားဘစောသီရိအဖြစ်ရှိစဉ် သီဟိုဠ်ကျွန်းမှ ရရှိသော ဗုဒ္ဓအံတော်ဓာတ်တစ်ဆူကို သံတွဲမြို့ရှိ ဝါသုရတောင်တွင် ယခုရှိနေသော အံတော်သိမ်စေတီအနီး၌ စေတီတစ်ဆူတည်၍ ယင်းအံတော်ဓာတ်တစ်ဆူကို ဌာပနာခဲ့သည်။ ဘစောသီရိသည် မြောက်ဦးမြို့တွင် မင်းဗာအမည်ဖြင့် ထီးနန်းဆက်ခံဘုရင်ဖြစ်လာသောအခါ သံတွဲတွင် တည်ထားသော အံတော်သိမ်စေတီမှ အံတော်ဓာတ်ကို ယူခဲ့ပြီး ၎င်းနေရာတွင် အံတော်ပွားတစ်ဆူတည်ထားခဲ့ကာ သံတွဲမှယူလာခဲ့သော အံတော်ဓာတ်ကို နန်းတော်၏အရှေ့ဘက်ရှိ နိဗ္ဗာန်ဆောင်တွင် ရွှေကလပ်ပေါ်၌ထား၍ ကိုးကွယ်ခဲ့သည်။ မင်းဗာဘုရင်လွန်ပြီးနောက် ၎င်း၏မြေးတော် မင်းရာဇာကြီးသည် သက္ကရာဇ် ၉၅၈ ခုနှစ် (ခရစ်နှစ် ၁၅၉၆)တွင် ယခုရှိသော ပုထိုးတော်ကြီးကိုတည်၍ ထိုအံတော်ဓာတ်ကို ဌာပနာခဲ့သည်။ အံတော်ဓာတ်ဌာပနာခဲ့သောကြောင့် အံတော်သိမ်ပုထိုးတော်ကြီးဟု ခေါ်တွင်ပါသည်။ ပုထိုးတော်ကြီးကို သဲကျောက်များဖြင့် တည်ဆောက်ထားပြီး ဉာဏ်တော် ပေ၄၀ ရှိသည်။ ပုထိုးတော်ကြီးသည် ၈ မြှောင့် ပုံ အဋ္ဌဂံ ပုံရှိသည်။ ပုထိုးတော်ကြီး အထက်တွင် စေတီကြီးတစ်ဆူကို စေတီငယ်ရှစ်ဆူက ရံထားသည်။ လိုဏ်ပတ်လမ်း နှစ်ခုရှိပြီး အလယ်ဗဟိုတွင် ဆင်းတုတော်ရှစ်ဆူကို ကျောက်ဆစ်လက်ရာ ကနုတ်ပန်များ ဖြင့်လွန်စွာတင့်တယ်သော ရာဇပလ္လင် ရှစ်ခန်းနှင့်အတူ ဖူးမြော်နိုင်သည်။ ပလ္လင်များတွင် ဗျလ္လ ရုပ်များ၊ ငှက်လည်ပြန်၊ လူရုပ်တု များရှိသည်။ လိုဏ်ပတ်လမ်းများတွင်လည်း ရုပ်ပွားတော်များ ကိန်းဝပ်နေသည်။ လိုဏ်ပတ်လမ်းများ၌ အလင်းရောင် ရရှိစေရန် အလင်းပေါက်များ ဖောက်ထားသည်။ ပုထိုး၏ အရှေ့ဘက်တွင် အာရုံခံ တန်ဆောင်းရှိသည်။ မြောက်ဘက်၊ တောင်ဘက် နှင့် အရှေ့ဘက်တွင် ဝင်ပေါက်များရှိသည်။ မုခ်ဝဘေးတစ်ဖက်တစ်ချက်၌ မတ်ရပ်ရုပ်ပွားတော်များရှိသည်။ တချို့သော ဆင်းတုတော်များတွင် ဈာန်ကသိုဏ်းဟန်ထုဆစ်ထားသည်။ ပုထိုးတော်တစ်ခုလုံးတွင် ဆင်းတုကြီးငယ်ပေါင်း ၁၇၅ဆူရှိသည်။ ပရိဝုဏ်အတွင်း၌လည်း ဂူကျောင်းပါ စေတီ ၁၆ ဆူက ပုထိုးတော်ကြီးအား အနောက် တောင် နှင့် မြောက်ဘက်တို့မှ ဝန်းရံထားသည်။ အံတော်သိမ်ပုထိုးတော်မှာ ထည်ဝါခန့်ညား၍ လက်ရာမြောက်သော ပုထိုးတော် တစ်ဆူ ဖြစ်ပါသည်။