ရွှေဆံတော်စေတီတော်

Listing Description

သံတွဲမြို့၊ အမှတ် (၅) ရပ်ကွက်၊ မဏိကေသတောင်ကုန်းပေါ်တွင် တည်ရှိသည်။ ဓညဝတီ သူရိယစက္ကမင်းကြီးသည် မဇ္ဈိမဒေသ သီရိဓမ္မာသောကမင်းကြီးထံမှရရှိသော ဘုရားရှင်၏ ဓာတ်တော်များကို နေရာဒေသတောတောင်တို့ကို သတ်မှတ်လျက် လက်အောက်ခံဘုရင်များနှင့် မှူးမတ်တို့အား စေတီပုထိုးများတည်ထားစေခဲ့ရာ ဒွါရဝတီ သံတွဲမြို့စား ဓမ္မသူရအမတ်ကြီးက မြတ်စွာဘုရားရှင် တန့်တော်မူတောင်၌ ဗျာဒိတ်တော်ပေးခဲ့သည့်အတိုင်း သာသနာတော် သက္ကရာဇ် ၂၃၆ ခုနှစ်တွင် ဆံတော်စေတီ၊ အံတော်စေတီနှင့် နံတော်စေတီများကို ဦးဆောင်၍ တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ ဆံတော်ဓာတ်စေတီကို မဏိကသတောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်သည် နှစ်ပေါင်းများစွာကြာမြင့်လာခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ခံရသဖြင့် ပြိုကျပျက်စီးခဲ့ရပြီး သိမ်ကုန်းဆရာတော်ကြီး ဦးသာသနနှင့် ဘန္ဒန္တပညိန္ဒြိယဆရာတော်တို့ဦးဆောင်၍ အမြို့မြို့အနယ်အနယ်သို့ လှည့်လည် အလှူခံရရှိသော ငွေကြေးတို့ဖြင့် ကောဇာသက္ကရာဇ် ၁၃၁၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်နေ့တွင် မူလစေတီပျက်မှရရှိသော ဓာတ်တော်များကို ဌာပနာ၍ ဉာဏ်တော်အမြင့် ၅၄ တောင်ရှိစေတီတော်ကို ပြန်လည်တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော် ပရိဝုဏ်အတွင်း ဗုဒ္ဓဝင်ပြတိုက်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ၊ ဧတဒဂ်ဘွဲ့ရ ရဟန္တာ ၄ ပါး၊ ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမ ၁၃ ပါး၊ ဧတဒဂ်ဘွဲ့ရ ဥပသကာကြီး ၁၁ ဦးနှင့် ဧတဒဂ်ဘွဲ့ရ ဥပသိကာအမျိုးသမီး ၁၀ ဦးတို့၏ ရုပ်တုတော်များ၊ ဒွါရာဝတီသို့ မြတ်စွာဘုရားရှင်ကြွလာပုံ၊ ဒွါရာဝတီမြို့စား ဓမ္မသူရအမတ်ကြီးက အံတော်၊ နံတော်၊ ဆံတော် စေတီတော်သုံးဆူတို့အား တည်ထားပုံများကို ရုပ်လုံးရုပ်ကြွ ပန်းချီများဖြင့် ဆင်ယင်ပြသထားပါသည်။