ရွှေနံတော်စေတီတော်

Listing Description

သံတွဲမြို့၊ အမှတ် (၁) ရပ်ကွက်အတွင်းရှိ ရောဟကုဋပဗ္ဗတ တောင်ကုန်းပေါ်တွင် တည်ရှိသည်။ ဓညဝတီပြည့်ရှင် သူရိယစက္ကမင်းကြီးသည် မဇ္ဈိမဒေသ သီရိဓမ္မာသောကမင်းကြီးထံမှရရှိသော ဘုရားရှင်၏ ဓာတ်တော်များကို နေရာဒေသတောတောင်တို့ကို သတ်မှတ်လျက် လက်အောက်ခံဘုရင်များနှင့် မှူးမတ်တို့အား စေတီပုထိုးများတည်ထားစေခဲ့ရာ ဒွါရဝတီ သံတွဲမြို့စား ဓမ္မသူရအမတ်ကြီး ဦးဆောင်၍ သာသနာတော် သက္ကရာဇ် ၂၃၆ ခုနှစ်တွင် မြတ်စွာဘုရားရှင် တန့်တော်မူတောင်၌ ဗျာဒိတ်တော်ပေးခဲ့သည့်အတိုင်း ဆံတော်စေတီအံတော်စေတီနှင့် နံတော်စေတီများကို တည်ထားကိုးကွယ်ခဲ့သည်ဟု သိရပါသည်။ အံတော်ဓာတ်စေတီကို ရောဟကုဋပဗ္ဗတ တောင်ကုန်းပေါ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်သည် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ကြောင့် အနည်းငယ်ထိခိုက်ပျက်စီးခဲ့သဖြင့် ဂေါပကလူကြီးများက ဆရာတော်ဘုရားများ၏ ဩဝါဒကိုခံယူ၍ ပြန်လည်ပြုပြင်ခဲ့ကြရာ သက္ကရာဇ် ၁၃၁၁ ခုနှစ်တွင် မွမ်းမံပြင်ဆင်ပြီးစီးခဲ့ပြီး သက္ကရာဇ် ၁၃၁၃ ခုနှစ် တပေါင်းလပြည့်နေ့တွင် ထီးတော်သစ် တင်လှူပူဇော်ခဲ့သည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၄၅ ပေရှိပြီး ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၈ ရက်နေ့မှ လပြည့်ကျော် ၂ ရက်အထိ စည်ကားစွာကျင်းပပါသည်။