ချစ်ဆွေ (၁၉၁၂ - ၁၉၄၂)

Listing Description

ချစ်ဆွေကို  သံတွဲမြို့နေ ဦးလှဘူး ဒေါ်အေးမေ တို့မှ ၁၉၁၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ သား သမီး ၅ဦးတွင် စတုထ္တ မြောက် သားဖြစ်၍ အမည်ရင်းမှာ မောင်ချစ်ဖြစ်သည်။

မိဘများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သစ်ရောင်းဝယ်ရေး ကုမ္ပဏီ မန်နေဂျာအဖြစ် ပြောင်းရွှေ့ရာ မောင်ချစ်လည်း လိုက်ပါသွားပြီး ကျောင်းသားဘဝမှာပင် အနောက်တိုင်းလက်ဝှေ့၊ ဒိုင်ဗင်၊ ကျွမ်း၊ ရေကူးစသည်တို့ကို တတ်မြောက်ခဲ့ရာ ဘန်ကောက်မြို့၌ လက်ဝှေ့ပွဲများတွင် ပွဲပေါင်းများစွာ နိုင်ခဲ့သူဟု သိရသည်။

အေဝမ်းဖလင်ကုမ္ပဏီသို့ မင်းသားလျှောက်ရာ ၆ ပေခန့်ရှည်သည့် ခုံကို လွတ်အောင် ဒိုင်ဗင် ထိုးနိုင်ခဲ့ပြီး လူကောင်ကြီး သော်လည်း အကျညင်သာ၍ ဒါရိုက်တာ ဆရာရွှေက စိမ်းရွှေရွှေ ဇာတ်ကားအတွက် ဒုတိယမင်းသားအဖြစ် ရွေးချယ်ခဲ့ သည်။

ဒါရိုက်တာကလည်း ဆရာရွှေ၊ ဇာတ်ကားအမည်ကလည်း စိမ်းရွှေရွှေ ဖြစ်သဖြင့် မောင်ချစ်သည်လည်း ချစ်ရွှေ ဖြစ်လာကာ ယင်းဇာတ်ကား၌ ရန်ကုန်မြစ်လယ် ရပ်ထားသည့် စက်လှေကြီး၏ ပေ ၁၀၀ ခန့် မြင့်သည့် ရွက်တိုင်ထိပ်မှ ရေပြင်သို့ ဒိုင်ဗင်ထိုးချသည့် အတွက် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည်ဆိုကာ အမ်အေ ဦးမောင်ကြီးက ရွှေတံဆိပ်ဆုချခဲ့သည်။

မြဂနိုင် ဇာတ်ကားသည် ချစ်ရွှေအတွက် တဟုန်ထိုး နာမည်တက်စေသည့် ရုပ်ရှင်ဖြစ်ပြီး စတန့်လောကတွင် မည်သူမျှ မလုပ်ဖူးသေးသည့် မီးပုံးပျံ ဦးကျော်ရင် စီးနင်းမည့် မီးပုံပျံကို အတင်းလုယက်ကာ စီးသွားသည့် အခန်းကို ဇာတ်ကားတွင် ထည့်သွင်း ရိုက်ကူးခြင်းပင်ဖြစ်သည်။

မင်းသားချစ်ရွှေနှင့် အေဝမ်းဖလင်ရုပ်ရှင်တို့ နောက်ဆုံးရိုက်ကူးသည့်ကားမှာ ဒါရိုက်တာ ရွှေညာမောင်၏ စန်းရောင်ရှင် ဇတ်ကားဖြစ်ပြီး ထိုကားပြီးနောက် တခြားသော ရုပ်ရှင်ကုမ္ပဏီများဖြစ်သော ဇမ္ဗူ့ မိတ်ဆွေ၊ သက်နှင်းဘရားသား၊ ပဲရော့ ရုပ်ရှင်၊ ရန်ကုန်ရုပ်ရှင်၊ ဗြိတိသျှဘားမား၊ အိစလင်း၊ သန်းဘရားသား၊ သီဟရုပ်ရှင်၊ ရတနာပုံဖလင်တို့နှင့် ရိုက်ကူးခဲ့သည်။

ဒုတိယကမ္ဘာစစ် ၁၉၄၂ ခုနှစ် ဂျပန်များ မြန်မာပြည်ဝင်ချိန်တွင် ချစ်ရွှေသည် ဟင်္သာတသို့ စစ်ဘေးရှောင်ရင်း ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) သို့ ဝင်ရောက်တာဝန်ထမ်းသည်။ ထိုသို့ ထမ်းဆောင်စဉ် ကရင်- ဗမာ အဓိကရုဏ်းဖြစ်ပွားရာသို့ လိုက်ပါသွားရင်း ဒိုက်ယားရွာ တိုက်ပွဲအတွင်း ကျဆုံးသွားသည်။