ရတနာမာရ်အောင်စေတီ

Listing Description

မြောက်ဦးမြို့ နန်းတော်ကုန်း၏ အရှေ့မြောက်ထောင့် မိုင်ဝက်ခန့်အကွာတွင် တည်ရှိသည်။ ဤစေတီကို စန္ဒသုဓမ္မရာဇာမင်းက သက္ကရာဇ် ၁၀၂၀ ခုနှစ် (ခရစ်နှစ် ၁၆၅၈)တွင် တည်ထားခဲ့သည်။ ရခိုင်လူမျိုးတို့သည် ရတနာသုံးပါးကို ယုံကြည်ခြင်းရှိရာ အမျိုးစဉ်ဆက်အောင်မြင်မှု ရှိခဲ့ကြသည်ကို သိရှိစေရန် အထိမ်းအမှတ်အဖြစ် စေတီတော်ကို "ရတနာမာရ်အောင်"ဟု ခေါ်တွင်ခဲ့သည်။ စေတီတော်မှာ ကျောက်သားပကတိဖြင့် ထုလုံးပုံတည်ဆောက်ထားသည်။ အောက်ခြေမှထိပ်ထိ ရှစ်မြှောင့်ပုံရှိသည်။ အရပ်ရှစ်မျက်နှာနှင့် မဂ္ဂင်ရှစ်ပါးကို ညွှန်းသည်။ ပစ္စယံကိုးဆင့် ရှိသည်။ ခေါင်းလောင်း၊ ရင်ဖွဲ့၊ သပိတ်မှောက်၊ ဖောင်းရစ်၊ ကြာမှောက်၊ ရွေးလုံး(ပုတီးစေ့)၊ ကြာလန်၊ ငှက်ပျောဖူး၊ သံထီး၊ ငှက်မြတ်နား၊ စိန်ဖူးတော်စသည်ဖြင့် အဆင့်ဆင့် အင်္ဂါစုံတည်ဆောက်ထားသည်။ စေတီလုံးပတ် ၃၅၅ ပေရှိပြီး ဉာဏ်တော် ၁၈၀ ပေခန့် ရှိသည်။ ဂူပေါက်များမရှိချေ။ စေတီတော်၏ မြောက်ဘက်အနီးတွင် အလျား ၅၄ ပေ၊ အကျယ် ၁၃ ပေ၊ အမြင့် ၁၀ ပေရှိသော ဂူဖြူဟုခေါ်သည့် ဘုရင်၏ဥပုသ်ဆောင်ရှိသည်။ ထိုဂူတွင် သီတင်းသုံးနေထိုင်ခဲ့သော ဆရာတော်သည် ၁၆၉၆ ခုနှစ်တွင် နန်းတင်ခံရပြီး မရုမ္ပီယအမည်ဖြင့် မြောက်ဦးထီးနန်းကို ၂ နှစ် အုပ်စိုးခဲ့သည်။ အရှေ့ဘက်တွင် ကျောက်ဂူတစ်ခုနှင့် ဂူထဲတွင် ကျောင်းဆင်းတုတော်များရှိသည်။