ဝက်ကြီးအင်းဂူပြောက်ငယ်ဘုရား

Listing Description

ဝက်ကြီးအင်းဂူပြောက်ငယ်ဘုရားစေတီသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဝက်ကြီးအင်းရွာတွင် တည်ရှိသော ဝက်ကြီးအင်းဂူပြောက်ကြီးဘုရား၏ အနောက်ဘက် ကိုက်နှစ်ရာအကွာတွင် တည်ရှိပါသည်။ ဝက်ကြီးအင်းဂူပြောက်ငယ်မှာ ဝက်ကြီးအင်း ဂူပြောက်ကြီးထက်စော၍ တည်ထားခဲ့သော အေဒီ ၁၁ ရာစု ရှေးဟောင်းစေတီတစ်ဆူဖြစ်ပါသည်။ ဝက်ကြီးအင်း ဂူပြောက်ငယ်၏ ပုံသဏ္ဌာန်နှင့် အရွယ်အစားမှာ မြင်းကပါ ဂူပြောက်ကြီးဘုရား၏ ပုံသဏ္ဌာန်အရွယ်အစားနှင့် ဆင်တူပြီး ပုဂံဒေသရှိ ပန်းတော့ခေါ် အင်္ဂတေပန်းလက်ရာကောင်းရှိသော ဂူဘုရားများအနက် တစ်ဆူဖြစ်ပါသည်။ လိုဏ်အတွင်းတွင် အုတ်အင်္ဂတေဖြင့် ပြုလုပ်ထားသော ဗုဒ္ဓဆင်းတုတော်ကြီးများရှိပြီး လက်များကို ကျောက်ဖြင့် ပြုလုပ်ထားပါသည်။ ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင် ခင်းကျင်းပြသထားရှိသော ၁၁ ရာစုဆိုင်ရာ ပန်းတမော့ ကျောက်ဆစ်လက်ရာ ဗုဒ္ဓရုပ်ပွားဆင်းတုအချို့မှာ အဆိုပါ ဂူပြောက်ငယ်ဘုရားအပေါ်ထပ်ရှိ စေတီရံများအတွင်းမှ ဖြစ်ပါသည်။ ဂူပြောက်ငယ်စေတီ၏ အဝင်ခန်းမ နံရံများတွင် ငါးရာ့ငါးဆယ် ဇာတ်ကွက်နံရံဆေးရေး ပန်းချီများရှိပြီး ရှေးဟောင်းမွန်ဘာသာဖြင့် ကမ္ပည်းမင်စာ ရေးထိုးထားသည်။ စေတီ၏ကွမ်းထောင်မျက်နှာပြင်တွင် မုခ်ကပ်အဝိုင်းပါရှိသည့် လေးထောင့်တုံးကို အမြှောက်ပုံဖော်ပြီး အပေါ်သို့ တဖြည်းဖြည်း သေးသွယ်ရှူးတက် လှပအောင် ပြုလုပ်ထားသည်။ အချို့မုခ်ကပ်အဝိုင်းအတွင်း ဗုဒ္ဓရုပ်ပွား ကျောက်ဆင်းတုများ ရှိသည်။ ဂူပြောက်ငယ်၏ အပြင်ဘက်တွင် အင်္ဂတေ ပန်းတော့ လက်ရာများ ရှိပြီး အဝင်မုခ်ရှိ အင်္ဂတေပန်း ပြတင်းပေါက် တံကဲများ၊ နံရံကပ်တိုင်များမှ အင်္ဂတေပန်း အလှများ၊ ဘီလူးပန်းဆွဲများကို လေ့လာနိုင်သည်။