ဗောဓိရွှေဂူစေတီ

Listing Description

မြောက်ဦးမြို့ လင်ပန်းပြောက်စေတီ၏ အရှေ့ဘက် ဟေမဝတောင်စွယ်တွင် တည်ရှိသည်။ သက္ကရာဇ် ၈၂ ခုနှစ် (ခရစ်နှစ် ၁၄၇၀) တွင် ဘစောဖြူမင်း (မင်းစောမွန်) တည်ထားခဲ့သည်။ စေတီတော်အောက်ခြေမှစပြီး ရှစ်မြှောင့်ပုံသဏ္ဌာန်ဖော်ကာ တည်ဆောက်ထားပြီး အပေါ်တွင် ဓာတ်လုံးပုံသဏ္ဌာန် ဖြစ်သည်။ ထောင့်ချိုးများတွင် နံသင့်ရာဂြိုဟ်နတ်တို့၏ အရုပ်များကို ကျောက်ဆစ်ရုပ်လုံးများအဖြစ် ထုလုပ်ထားရှိသည်။ စေတီ လုံးပတ် ၁၀၆ ပေခန့်ရှိ၍ ဉာဏ်တော်အမြင့် ၃ဝ ပေခန့်မြင့်သည်။ စေတီတစ်ခုလုံးကို ကျောက်တုံးများဖြင့် တည်ဆောက်ထားသည်။ စေတီအတွင်းသို့ ဝင်ရန် အရှေ့ဘက်တွင်ဂူ ပေါက်ရှိသည်။ ထို ဂူဝင်လမ်းနှစ်ဖက်စလုံးတွင် ဇာတ်နိပါတ်တော်လာ ရုပ်တုများကို ကျောက်ဆစ်လက်ရာဖြင့် အပြည့်ထုလုပ်ထားသည်။ ဘုရင်မင်းမြတ်ထွက်တော်မူခန်း၊ မှူးမတ်တို့၏ ဆင်ယင်ပုံများ၊ စစ်သူကြီး၏ ဆင်ယင်ပုံ၊ ဆင်မြင်းတို့၌ တန်ဆာများဆင်ထားပုံတို့ အသေးစိတ် ထုလုပ်ထားသည်။ ထိုအရုပ်များ၏ အပေါ်၌ ဘုရားဆင်းတုတော်များ ရှိသည်။ ဂူအတွင်းရှိ ဂန္ဓကုဋီတိုက်တွင် အမြင့် ၆ ပေခန့်ရှိ ကျောက်ဆင်းထုတော် တစ်ဆူရှိသည်။ ပလ္လင်တော်မှာ ကျောက်ဆစ်တစ်လုံးတည်းကို ထုလုပ်ထားပြီး ခြူးပန်းခြူးနွယ်များဖြင့် တန်ဆာဆင်ထားသည်။ ဂန္ဓကုဋီတိုက်၏ အလယ်တည့်တည့်အမိုးတွင် ကျောက်ကိုကြာပွင့်ပုံ ထုလုပ်ထားသည်ကိုလည်း တွေ့မြင်လေ့လာနိုင်သည်။