ဝင်းငြိမ်း

Listing Description

အမည်ရင်း ဦးဝင်းငြိမ်းဖြစ်သည်။ အဘ ဦးကျားဘငြိမ်း နှင့် အမိ ဒေါ်ကြည်ကြည် တို့မှ ၁၉၄၆ ခု၊ မေ ၂၈ ရက်တွင် မွေးဖွား၏။ ဇာတိမှာ မန္တလေးမြို့ဖြစ်ပြီး မွေးချင်း ခုနှစ်ယောက်တွင် အကြီးဆုံးသားဖြစ်သည်။

မန္တလေး သံတဲကျောင်းတွင် ပညာ စတင်သင်ကြားခဲ့သည်။ ထိုကျောင်းမှ ၁၉၄၆ တွင် အထက်တန်း အောင်ခဲ့သည်။ ရန်ကုန် စီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိပြီး ၁၉၆၇ ခုတွင် ဘီ၊စီအိုအယ်မ် (အေအေ) ဘွဲ့ ရရှိခဲ့သည်။ ထို့နောက် အာ၊ အေ၊ အာ၊ အိုင်၊ ဒီ၊ အယ်မ်၊ အေ ဒီပလိုမာ သင်တန်းများ တက်ရောက် အောင်မြင်ခဲ့သည်။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၊ ရသုံး မှန်းခြေ ငွေစာရင်း ဦးစီးဌာနတွင် လက်ထောက် ညွှန်ကြားရေးမှူး ရာထူးထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူခဲ့သည်။

၁၉၆ဝ တွင် စုံထောက်မဂ္ဂဇင်း၌ ဘာသာပြန်ဝတ္ထုတို စတင်ရေးသားခြင်းဖြင့် စာပေလောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၁ ခုက စတင်ထုတ်ဝေသော ပေဖူးလွှာမဂ္ဂဇင်းတွင် စာဖတ်သူများနှင့် တွေ့ဆုံ မေးမြန်းခြင်း ကဏ္ဍကို တာဝန်ယူခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် အခြားကလောင်ခွဲများဖြင့် ပေါ့ပ်ကဏ္ဍများ ရေးသားခဲ့သည်။ ရုပ်ရှင်အမြုတေ၊ စန္ဒာ၊ ရင်ခွင်သစ်၊ အရိန္ဒမာ၊ ရုပ်ရှင်၊ ရွှေစည်းစိမ် မဂ္ဂဇင်းများတွင် အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၉ ခုနှစ်၊ ဇူလိုင်လ မှစတင်ပြီး ရွှေအမြု‌တေ ရုပ်စုံမဂ္ဂဇင်းကို စီစဉ်တည်းဖြတ်ထုတ်ဝေခဲ့သည်။ ရွှေအမြုတေ ဝတ္ထုတိုတစ်ခေတ်နှင့် မျိုးဆက်သစ်စာရေးဆရာများကို မွေးထုတ်ပေးသော ရွှေအသစ်ကဏ္ဍတို့သည် အထူးထင်ရှားသည်။ ၂၀၀၆ ခုနှစ်၊ မေလ၊ (၂၈) ရက်၊ အသက် (၆၀) နှစ်ပြည့် မွေးနေ့မှ စတင်ပြီး နှစ်တစ်နှစ်၏ ဇွန်လမှ နောက်နှစ် မေလအတွင်း ထုတ်ဝေခဲ့သော မြန်မာမဂ္ဂဇင်းများမှ စာမူများကို ဆုချီးမြှင့်သည့် "ရွှေအမြုတေ စာပေဆု" ကို တီထွင်ချီးမြှင့်ခဲ့သည်။

ရွှေအမြုတေမဂ္ဂဇင်း၊ အလင်းတန်းအနုပညာဂျာနယ်၊ ဖူးငုံဆယ်ကျော်သက် မဂ္ဂဇင်းတို့ကို စီစဉ်တည်းဖြတ်သူအဖြစ်ဆောင်ရွက်ခဲ့ပြီး ဘာသာပြန်စာပေများကိုလည်း ရေးသားထုတ်ဝေခဲ့သည်။ ယခုအခါ ရွှေအမြုတေမဂ္ဂဇင်း ကို စီစဉ်တည်းဖြတ်ရင်း စာပေများ ဆက်လက် ရေးသားနေသည်။

အခြား ကလောင်ခွဲများမှာ ဇာနည်ငြိမ်း၊ မိုးကျော်ထွန်း၊ ဘို၊ ဝင်းကိုကို တို့ဖြစ်ကြသည်။[၂]

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

ဝင်းငြိမ်းနှင့် စာရေးဆရာများ (၁)    

ဝင်းငြိမ်းနှင့် စာရေးဆရာများ (၂)     

ဝင်းငြိမ်းနှင့် စာရေးဆရာများ (၃)    

ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်ခဲ့သူနှင့် စာပေလူကြမ်းမင်းသား

‌မောင်သာရ၏ မောင်သာရ

အထီးကျန်ည

နှစ်ကြောင်းရေးတစ်ကြောင်းခြစ်

အချစ်နှင့်စစ်

မင်းမှုထမ်း

နန်းကျဘုရင်

ဆင်စွယ်နန်းတော်‌ပေါ်က မင်းသမီး၊ အင်ဂျလီနားဂျိုလီ

အချစ်စစ်၊ အချစ်မှန် ဆိုသည်မှာ

ဗမာ့စောင်း

ဗမာ့ဟယ်လင်

အစနဲ့အဆုံး

မယ်ဗမာ

ဖအေတူသား

ဇာတ်တူသားစားသူများ

မျက်ရည်ရဲ့ နောက်မှာ

မင်းသားလေးပြန်လာပြီ

ဖြစ်တည်ခြင်း

ကျွန်တော်     

လိပ်ပြာကူးထူးခြားသူများ