ပေါ်ဦးသက် (၁၉၃၆ - ၁၉၉၃)

Listing Description

 

ပန်းချီဆရာ ပေါ်ဦးသက်ကို ၁၉၃၆ ခုနှစ်တွင် အဖဦးလှကြီးနှင့် အမိဒေါ်ငွေမမှ မန္တလေး၌ မွေးဖွားခဲ့သည်။ မိခင်သည် ပေါ်ဦးသက် ငယ်စဉ်ကတည်းက ဆုံးပါးသွားခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ပြီးသည့် နောက်မြန်မာပြည်အတွင်း ငြိမ်းချမ်းရေး အောင်ပွဲများ ကျင်းပချိန် အတွင်း လက်ပစ်ဗုံး တစ်လုံး မတော်တဆ ပေါက်ကွဲမှုကြောင့် ၁၂ နှစ် အရွယ် ကလေးဘဝ တွင် သူ၏ ညာဘက် လက်တစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစ၍ ဘက်လက်ကို အသုံးပြုကာ စာရေးခြင်း၊ ပုံဆွဲခြင်းများကို ကြိုးစားလေ့ကျင့်ခဲ့သည်။

ပေါ်ဦးသက်သည် ပန်းချီဆွဲခြင်း အနုပညာကို သူ၏ ဖခင်ကြီးဆီမှ သင်ယူခဲ့သည်။ အသက် ၁၅ နှစ် အရွယ်တွင် ပန်းချီဆရာ ဦးဘသက် နှင့် ဦးခင်မောင်(ဘဏ်) တို့ထံမှ ပန်းချီပညာရပ်များကို ဆက်လက် ဆည်းပူးခဲ့ပြီး ဆရာဖြစ်သူ ဦးဘသက် နာမည်မှ`သက်´ဆိုသည်ကို သူ၏နာမည်တွင်ပေါင်းထည့်ကာ ပေါ်ဦးသက် ဟုယူခဲ့သည်။ သူကျောင်းတက်နေစဉ် ကာလအတွင်း ပန်းချီပြပွဲ၊ ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ဆုတံဆိပ်ပေါင်း မြောက်များစွာ ရရှိခဲ့သည်။

၁၉၅၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု Famous Artist School အနုပညာကျောင်းတစ်ခုမှ ပေးသော စာပေးစာယူ စကောလားရှစ်ကို ရရှိခဲ့ပြီး ပန်းချီအနုပညာသင်ဆုကို ရရှိခဲ့သည်။ သုံးနှစ် စာပေးစာယူသင်တန်းကို နှစ်နှစ်ဖြင့် သင်ကြားတတ်မြောက်ခဲ့ပြီး First Grade အဆင့်ဖြင့် အောင်မြင်ခဲ့သည်။ အသက် ၂၁နှစ် အရွယ်တွင် အနုပညာဖြင့်အသက်မွေး ဝမ်းကျောင်းခဲ့ကာ ထိုစဉ်က မဂ္ဂဇင်းစာစောင်များ၊ မန္တလေးပြည်သူ့ နေ့စဉ် သတင်းစာ၊ ကြေးမုံ သတင်းစာ၊ ရန်ကုန် လူထုနေ့စဉ် သတင်းစာတို့တွင် သရုပ်ဖော်ပုံများ၊ ကာတွန်းများ ရေးဆွဲခဲ့သည်။

Unicef ရန်ပုံငွေအတွက် "Asian Harbor Scene"(၁၉၇၄) နှင့် "Market"(၁၉၇၅) ဆိုသည့် ပန်းချီကား နှစ်ကားကိုလည်း ဆွဲပေးခဲ့ကာ ထိုပန်းချီကားနှစ်ကားကို ဒိုင်ယာရီမျက်နှာဖုံး၊ တံဆိပ်ခေါင်းများ၊ ပို့စကတ်များ ပုံနှိပ်ဖြန့်ချိရာတွင် အသုံးပြုခဲ့သည်။ အစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကကျင်းပပေးသော စာပေ အနုပညာ ပြပွဲပြိုင်ပွဲများအတွက် လိုအပ်သော သရုပ်ဖော်ပုံများကို လည်းရေးဆွဲခဲ့သည်။ သူ၏ သရုပ်ဖော်ပုံများကို ဥရောပနှင့် အမေရိကန် နိုင်ငံများတွင်လည်း ကျောင်းပညာသင်ရိုးညွှန်းတမ်းများတွင် ပြဋ္ဌာန်းအသုံးပြုခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်၌ တစ်ကိုယ်တော် အနုပညာပြပွဲကျင်းပခဲ့ကာ ပြပွဲဖွင့်လှစ်ပြီး ခဏတာ အတွင်း သူ၏ ပန်းချီကားများ အကုန်လုံး ရောင်းလိုက်ရကာ သူ၏ ပထမဦးဆုံး အောင်မြင်မှုဖြစ်ခဲ့သည်။ ထို့နောက် ပေါ်ဦးသက်အား မြန်မာ့ယဉ်ကျေးနှင့် အနုပညာကို အနောက်တိုင်း ခေတ်သစ် ပန်းချီရေးနည်း ရေးဟန်များဖြင့်ရောစပ် ဖန်တီးသူအဖြစ် အနောက်တိုင်းမှ အနုပညာရှင်များ အကြားတွင် လူသိများလာခဲ့သည်။

ထို့နောက် အနောက်နိုင်ငံ များမှ ထုတ်ဝေခဲ့သော စာအုပ် မျက်နှာဖုံး များနှင့် ဒီဇိုင်း များစွာကို ရေးဆွဲခဲ့သည် ပုဂံမြို့သို့ သွားရောက်ခဲ့ပြီး သမိုင်း ဆိုင်ရာ၊ မြန်မာမှု သုတေသန ပြုလုပ်ချက် များနှင့် အတူ ပုဂံ မြင်ကွင်း အမျိုးမျိုးကို ဆီဆေး၊ ရေဆေး ပန်းချီကားများ ရေးဆွဲခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ရန်ကုန်မြို့၌ အခြေစိုက် နေထိုင်ကာ ဝတ္ထု မဂ္ဂဇင်း သရုပ်ဖော် ပုံများနှင့် ဒီဇိုင်းများ ရေးဆွဲခဲ့သည်။ မိုးဝေ စာပေ မဂ္ဂဇင်းနှင့် အခြား စာစောင် မဂ္ဂဇင်း၊ နေ့စဉ် သတင်းစာများ တွင်လည်း ပန်းချီ အနုပညာနှင့် ပတ်သက်၍ ဆောင်းပါးများကို အခါ အားလျော်စွာ ရေးသားခဲ့သည်။

တက္ကသိုလ် ကောလိပ်နှင့် အနုပညာ ကျောင်းများ၏ ဖိတ်ကြားချက် အရ ပန်းချီ ရေးဆွဲနည်း အတတ် ပညာကို ပို့ချခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် ကြည့်မြင်တိုင် အထက (၃) တွင် နွေရာသီ ပန်းချီ တစ်လသင်တန်း၌ အချိန်ပြည့် လုပ်အားပေး ပို့ချခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သော Gallery Oriant ထူထောင်ရာတွင် ပါဝင်ခဲ့၍ ၁၉၇၁ ခုနှစ်တွင် ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းရှိ လောကနတ်အလှပညာ ဆိုင်ခန်း (Lokanat Galleries) ကို တည်ထောင်သော အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

ထို လောကနတ် အလှပညာ ဆိုင်ခန်းတွင် ၁၉၇၂ ခုနှစ်တွင် တစ်ကြိမ်၊ ၁၉၇၄ ခုနှစ်တွင် တစ်ကြိမ် တကိုယ်တော် ပြပွဲများ ပြသခဲ့သည်။ မြန်မာမှုနှင့် ခေတ်ပေါ် ပန်းချီ ပေါင်းစပ် ဖန်တီး နိုင်သော ပန်းချီ လက်ရာများကြောင့် အနောက်တိုင်း ပန်းချီ လောကတွင် ထင်ရှားသော မြန်မာ ပန်းချီ အနုပညာရှင် တစ်ဦး ဖြစ်သည်။

၁၉၉၃ ခုနှစ် ဧပြီလ ၁၃ ရက်နေ့၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အဆုတ်ကင်ဆာရောဂါဖြင့်အသက် ၅၇-နှစ်အရွယ်တွင် မန္တလေးမြို့၊ ပဒုမ္မာရိပ်မွန်၊ မင်္ဂလာဥယျာဉ်ရပ်၊ နန်းတော်ရှေ့ နေအိမ်၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်တင်ကြည်နှင့် သားသုံးယောက်၊ မြေးသုံးယောက်ကျန်ရစ်ခဲ့သည်။