ချစ်ကောင်း

Listing Description

ချစ်ကောင်း (ခေါ်) ခင်မောင်ညွန့်သည် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် ဖခင်သေဆုံးခဲ့သည်။ ထို့နောက် ရန်ကုန်သို့ မိသားစုနှင့် အတူပြောင်းရွှေ့လာခဲ့သည်။ လမ်း(၅၀)တွင် နေထိုင်ပြီး အ.ထ.က(၂)ဗိုလ်တထောင် တွင် ပညာသင်ကြားခဲ့သည်။ ဆယ်တန်းတွင် နွေရာသီ ဘင်ခရာသင်တန်းကို အ.ထ.က(၄)ဗိုလ်တထောင်ကျောင်း၌ တက်ရောက်ပြီး ကျောင်းဆင်းပွဲ၌ သီချင်းဆိုခဲ့ရာမှ စတင်ကာ ဂီတနယ်ပယ်ထဲသို့ ရောက်ရှိလာခဲ့သည်။

၁၉၈၆-ခုနှစ် နှစ်စတွင် သီချင်းရေး ဝင်းမင်းထွေး၏ တေးသွားများဖြင့် ကော်ဖီခါးခါး အခွေ စတင်ထွက်ရှိပြီး အောင်မြင်မှု ရရှိခဲ့သည်။ ကိုယ်ပိုင်သံစဉ် သီချင်းများကိုလည်း သီဆိုအောင်မြင်ခဲ့သည်။ ကျော်ဟိန်းသီဆိုသော `တစ်ယောက်ထည်းလား´အခွေကို ပြန်ဆိုသောအခါတွင်လည်း အောင်မြင်ခဲ့သည်။ Hip-Hop အဆိုတော် စိုင်းစိုင်းခမ်းလှိုင်နှင့် တွဲဖက်သီဆိုမှုတွင်လည်း လူငယ်များကြားတွင် ဦးချစ်ကောင်း အမည်ဖြင့် အောင်မြင်မှုရရှိခဲ့သည်။ ကော်ပီသီချင်းများ၊ ကိုယ်ပိုင်သံစဉ်များ၊ ပြန်ဆိုသီချင်းများ၊ ဟစ်ဟော့သီချင်များနှင့် တွဲဖက်သီဆိုနိုင်သော ပါရမီရှင် အဆိုကျော်တစ်ဦး ဖြစ်သည်။ ချစ်ကောင်း၏ သီဆိုမှုစတိုင်သည် တခြားအဆိုတော်များ၏ စတိုင်ကို အတုမခိုးဘဲ ကိုယ်ပိုင်စတိုင်နှင့် သီဆိုခဲ့သည့်အတွက် ထူးခြားမှု ရှိပေသည်။

ဒေါ်ဝါဝါထွန်းနှင့် လက်ထပ်ခဲ့ပြီး သား ဂျူနီယာချစ်ကောင်းနှင့် သမီး အိမ့်ချစ်ဟူသော သားသမီးနှစ်ဦး ထွန်းကားခဲ့ပြီး သားသမီးနှစ်ယောက်လုံးမှာ ဂီတအနုပညာရှင်များ ဖြစ်လာသည်။