လူထုစိန်ဝင်း (၁၉၄၀ –၂၀၁၂)

Listing Description

လူထုစိန်ဝင်းကို ၁၉၄ဝ ပြည့်နှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။ မန္တလေး လဖုန်း အထိမ်းအမှတ် အထက်တန်းကျောင်း (Lafon Memorial High School) တွင် ပညာ ဆည်းပူးခဲ့သည်။ ၁၉၅၆-ခုနှစ် မှ ၁၉၅၉-ခုနှစ် အထိ မန္တလေးတက္ကသိုလ်တွင် ပညာဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၆ဝ-ပြည့်နှစ် မှ ၁၉၆၂-ခုနှစ် အထိ ရန်ကုန်တက္ကသိုလ်ကို ပြောင်းရွှေ့ ပညာ သင်ယူခဲ့သည်။

ကျောင်းသား ဘဝ ကတည်းမှစ၍ လူထုသတင်းစာတိုက်တွင် ဝင်ထွက်၊ သွားလာနေခဲ့ပြီး၊ လုပ်အားပေး သဘောမျိုး၊ ဝင်ရောက် ကူညီလုပ်ကိုင်ပေးခဲ့သည်။ ၁၉၆၂-ခုနှစ်မှစ၍ အချိန်ပြည့် ဝန်ထမ်းအဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။ လူထု သတင်းစာတိုက် မန္တလေးနှင့်ရန်ကုန် တိုက်ခွဲတို့တွင် အယ်ဒီတာ အဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန် ယူခဲ့သည်။ ၁၉၆၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ လူထု သတင်းစာတိုက် အပိတ်ခံရချိန်အထိ လူထု သတင်းစာတိုက်တွင် လုပ်ကိုင်ခဲ့သည်။

၁၉၈ဝ-ပြည့်နှစ်တွင် လေဖြတ် ဝေဒနာကြောင့် ခန္ဓာကိုယ် ညာဘက် တခြမ်းသေသွားခဲ့ရာ၊ ဘဝကို အရှုံးမပေး လက်မလျှော့ဘဲ ဘယ်လက်ဖြင့် စာရေး လေ့ကျင့်ကာ စာပေများ ရေးသားခဲ့သည်။ လူငယ် လူရွယ်များ အတွက်လည်း အင်္ဂလိပ် စကားပြော သင်တန်းများ ဖွင့်လှစ်ခဲ့သည်။

ဝင်းဇော်၊ ဇာမဏီ စသော ကလောင် ခွဲပေါင်း ၁၅ ခုခန့်ဖြင့် လူငယ် လူရွယ်များ၊ အမျိုးသမီးများ အတွက် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံနှင့် ပတ်သက်သော အကြောင်းရာများ၊ ဘဝ အားမာန် ဖြစ်စေသော အကြောင်းအရာများ၊ နိုင်ငံတကာရေးရာများကို ရေးသားခဲ့သည်။ ဘာသာပြန်နှင့် ပင်ကိုယ်ရေး အပါအဝင် စာအုပ်ပေါင်း ၂ဝ ကျော် ထုတ်ဝေခဲ့သည်။ ပင်ကိုယ်ရေး စောမိုးခမ်း ဝတ္ထုမှာ သူ၏ ထင်ရှားသော လက်ရာ တစ်ခု ဖြစ်သည်။

လူထုစိန်ဝင်းသည် ၂၀၁၂ ဇွန်လ ၁၇ ရက်နေ့ ည ၁၁ နာရီခွဲတွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင် အထူးကုSSC ဆေးရုံတွင် နာတာရှည် အဆုတ်ရောဂါဖြင့် ကွယ်လွန်သည်။ မကွယ်လွန်ခင် နှစ်အတော်ကြာကတည်းက အောက်စီဂျင်ပိုက်အကူအညီဖြင့် နေခဲ့ရသည်။ ကွယ်လွန်ချိန်တွင် အသက် (၇၁)နှစ်ရှိပြီ ဖြစ်သည်။