ညီပုလေး

Listing Description

၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီ ၅ နေ့တွင် မန္တလေးမြို့၌ အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့မှ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ငြိမ်းချမ်း (ခေါ်) ဘိုညို ဖြစ်သည်။ မွေးချင်းများတွင် ပဉ္စမမြောက် ဖြစ်၍ အငယ်ဆုံးလည်း ဖြစ်သည်။ ငယ်စဉ်က မန္တလေးမြို့ စိန့်ပီတာ အထက်တန်းကျောင်းတွင် မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့သည်။ မန္တလေး ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ဘူမိဗေဒ ဘာသာရပ်ဖြင့် ရရှိခဲ့သည်။

၁၉၇၅ မှ ၁၉၇၇ အတွင်း မန္တလေးတိုင်း တိုင်းပဏာမ လက်ရွေးစင် ဘောလုံးသမား ဖြစ်ခဲ့သည်။

၁၉၇၈ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့တွင် တောတွင်း ဗကပသို့ ရောက်ရှိနေသော အကိုဖြစ်သူ ဖိုးသံချောင်းနှင့် စာအဆက်အသွယ် လုပ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် အဖ လူထု ဦးလှ၊ အမိ လူထု ဒေါ်အမာတို့နှင့် အတူ ထိန်းသိမ်း ခံရသည်။ မန္တလေးထောင်တွင် ၇ လ အချုပ်ခံခဲ့ရသည်။

၁၉၈၅ ခုနှစ်ထုတ် စံပယ်ဖြူ မဂ္ဂဇင်းတွင် လျက်ဆားတတို့ ဝတ္ထုကို စတင် ဖော်ပြခြင်း ခံရပြီး မဂ္ဂဇင်းများတွင် ဝတ္ထုတိုများ ဆက်လက် ရေးသားခဲ့သည်။

၁၉၈၉ ခုနှစ်တွင် သူငယ်ချင်းများနှင့်အတူ ထီးပေါင်းကား စာအုပ်တိုက် ကို ၃၂-လမ်းနှင့် ၃၃-လမ်းကြား၊ ၈၄-လမ်း၊ လက်ဆည်ကန်အရပ်တွင် တည်ထောင်ခဲ့သည်။

ကလေး လူကြီးကြိုက်ပြီး ချစ်ကြပါတဲ့ ညီပုလေး ဝတ္ထုတိုများ (၁၉၉ဝ စက်တင်ဘာ၊ လူထု ကြီးပွားရေး စာအုပ်တိုက်)၊ လမင်းရဲ့ ချိုသာတဲ့ လက်ခုပ်သံ၊ တကြောင်းဆွဲ ကလေးပန်းချီနှင့် အခြား ဝတ္ထုတိုများ၊ လူအ အိပ်မက် ဝတ္ထုတိုများ အပြင် ခရီးသွား ဆောင်းပါး အဖြစ် လီဒို ဟူးကောင်း မင်ခြစ်မှတ်စုများ စာအုပ်တို့မှာ ထင်ရှားသည်။

ထို့ပြင် မြေးသူကြီး ဝတ္ထုနှင့် ၂ဝဝ၆ ခုနှစ်တွင် ငြိမ်သက် တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ စာအုပ်ကိုလည်း ရေးသား ထုတ်ဝေခဲ့သည်။ ၂ဝဝ၆ ခုနှစ်တွင် မိုးကုတ်မြို့၊ သဟာယ စာကြည့်တိုက်၏ ပထမဆုံး သဟာယ စာပေဆုကို (ငြိမ်သက်တစ်မိနစ်နှင့် အခြား ဝတ္ထုတိုများ) စာအုပ်ဖြင့် ရရှိခဲ့သည်။ အမျိုးသားစာပေဆုကို ‘ထက်မြက်သောဓားသွား ပေါ်က ချိုမြမြပျားရည်စက်’ စာအုပ်ဖြင့် ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့သည်။

ဝတ္ထု သရုပ်ဖော်ပုံများကို ကိုယ်တိုင် ရေးဆွဲခဲ့သည်။ ဓာတ်ပုံရိုက် ကူးခြင်း၌လည်း ဝါသနာထုံကာ ကိုယ်တိုင် ရိုက်ကူးခဲ့သည့် ဓာတ်ပုံ ပြပွဲများကိုလည်း ဓာတ်ပုံ -ငြိမ်းချမ်းစိမ်းလန်း အမည်ဖြင့် မန္တလေးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။ ဇနီးမှာ ဒေါ်တင်တင်ဝင်း ဖြစ်၍ သားသမီး သုံးယောက် ရှိသည်။

၂၀၁၂ ခုနှစ် ဆဋ္ဌမ အကြိမ်မြောက် တော်ဘုရားလေး(အောင်ဇေ)စာပေဆုတွင် တတိယမြို့တော်သားရဲ့အလွမ်း အမည်ဖြင့် ဝတ္တုတိုဆု ရရှိခဲ့သည်။