မောင်သာရ (၁၉၃၁ - ၂၀၁၆)

Listing Description

အမည်ရင်း သိန်းလွင်ဖြစ်ပြီး ၁၉၃၁ ခုနှစ် မွေးဖွားသည်။ မွေးချင်း မရှိပေ။ ဇာတိမှာ မန္တလေးဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားခိုက်တွင်ပင် မိဘများ အိမ်ထောင်ပျက်ခဲ့ပြီး မိခင် ကျောင်းဆရာမ၊ အဒေါ်ကျောင်းအုပ် ဆရာမနှင့် ဖွားအေတို့၏ အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းခဲ့သည်။ အသက် ၁၆ နှစ် မပြည့်မှီမှာပင် တက္ကသိုလ်ဝင် ဆယ်တန်း စာမေးပွဲကို တနိုင်ငံလုံးတွင် သင်္ချာ ပထမ ရပြီး အောင်ခဲ့သည်။ သို့သော် အသက်မပြည့်သေးသဖြင့် တက္ကသိုလ်ဝင်ခွင့် မရခဲ့ချေ။ နောက်တစ်နှစ်တွင်မှ ဂုဏ်ထူးဆောင် ပညာတော်သင် စရိတ်ဖြင့် မန္တလေးတက္ကသိုလ်တွင် စတက်ခဲ့သည်။ ထိုစဉ် ပြည်တွင်းစစ်ဖြစ်ပြီး မန္တလေးကို သူပုန်သိမ်းခဲ့သဖြင့် ကျောင်းတွေအားလုံး ပိတ်ခဲ့ရသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ် - ABFSU) တွင် ဗဟိုအလုပ်အမှုဆောင်၊ ပြန်ကြားရေးနှင့် ဝါဒဖြန့်ချိရေးဗျူရို အတွင်းရေးမှူးအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

၁၉၅၂-၅၃ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ တိုးတက်သော ကျောင်းသားအင်အားစု၊ ဗဟိုကလပ်စည်းအဖွဲ့ဝင်ဖြစ်သည်။

၁၉၅၃ ခုနှစ်၊ မန္တလေးတက္ကသိုလ် ကျောင်းသားတပ်ဦးခေါင်းဆောင်ဘဝဖြင့် တိုက်ပွဲဝင်စဉ် ဖဆပလအစိုးရက ပုဒ်မ (၅) နဲ့ ဖမ်းဆီးပြီး ၁၉၅၃ မှ ၁၉၅၅ အထိ ထောင်သွင်းအကျဉ်းချထားခဲ့သည်။ ထိုစဉ် တက္ကသိုလ်မှ ရာသက်ပန် ကျောင်းထုတ်ပစ်ခံခဲ့ရသည်။

၁၉၅၅ ခုနှစ်၊ ထောင်မှ လွတ်လာပြီးနောက်ပိုင်း ရှုမဝမဂ္ဂဇင်းမှာ "ညှာရွှေတခက် ကြွေရက်စော" ဝတ္ထုရှည်ဖြင့် စာပေနယ်ထဲ စတင်ဝင်ရောက်ခဲ့သည်။

၁၉၇ဝ ခုနှစ်တွင် "မတ်တပ်ရပ်လို့ လမ်းမှာငို" ဝတ္ထုဖြင့် အမျိုးသား စာပေဆုရခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးအထိ ကိုယ်ပိုင် လစဉ်ထုတ် "သာရ" မဂ္ဂဇင်း အပါအဝင် စာရေးသမျှနှင့် ရေးခွင့်အားလုံးအပိတ်ခံရချိန်အထိ လုံးချင်း စာအုပ်ပေါင်း ၆ဝ နှင့် ဝတ္ထုတိုပေါင်း ၃၀ဝ ကျော် ရေးသားခဲ့သည်။ တချို့ကို နိုင်ငံရပ်ခြားမှ ဘာသာပြန်ဆို ထုတ်ဝေခဲ့သည်။ တချို့ကို ပြည်တွင်း၌ ရုပ်ရှင် ရိုက်ခဲ့သည်။

၁၉၉၉ ဇူလိုင်လတွင် အမေရိကန်ပြည်ထောင်စု၊ နီဗားဒါး၊ လပ်စ်ဗေးဂတ်စ်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့သည်။

အာအက်ဖ်အေ (RFA လွတ်လပ်တဲ့ အာရှအသံ) မှ အပတ်စဉ်ပုံမှန် အနုပညာနှင့် စာပေဆောင်းပါးများ အသံလွှင့်ခဲ့သည်။

မောင်သာရ၏ သမီးမှာ စာရေးဆရာမ ဖြိုးသာရ‎ ဖြစ်သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်ခဲ့သည်။