သကျမုနိဘုရား

Listing Description

သကျမုနိဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၊ ချောက်ဘုရားလှတွင် တည်ရှိပါသည်။ အေဒီ ၁၂ ရာစုခန့်တွင် နရပတိစည်သူမင်းကြီး၏ မိဖုရား တည်ထားကိုးကွယ်ခဲ့သော ဝေဠုဝတီဘုရားအနီးတွင် တည်ရှိပြီး ထိုခေတ်ဆိုင်ရာ နံရံဆေးရေးပန်းချီနှင့် နံရံမင်စာများရှိသည်ကို ထောက်ဆ၍ နရပတိစည်သူမင်းလက်ထက်တွင် တည်ဆောက်ခဲ့သည်ဟု ယူဆကြပါသည်။ ကွမ်းတောင်ပေါက်လိုဏ်တစ်ဆင့်ခံ ဂူဘုရားဖြစ်ပြီး အာရုံခံ၏တောင်ဘက်နှင့် မြောက်ဘက်နံရံတွင် ငါးရာ့ငါဆယ်ဇာတ်နိပါတ်များနှင့် အထက်ပိုင်းတွင် နှစ်ကျိပ်ရှစ်ဆူပုံတော်များ ရေးဆွဲထားရှိပါသည်။ စေတီသည် လေ့ထောင့်ပန္နက်ခံပြီးကုလားကျောင်းအထက်တွင် ပစ္စယာသုံးဆင့်ရှိကာ ပစ္စယာအထက်၌ ကွမ်းတောင်နှင့် စေတီအထွတ် တင်ထားပါသည်။ ထူးခြားချက်မှာ အသောကမင်းကြီးသည် စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ကြောင်း၊ အသောကရာမကျောင်းတိုက်ကြီးတည်ဆောက်ခဲ့ကြောင်း၊ အသောကမင်းကြီး၏ သမီးတော် သင်္ဃမိတ္တာသည် မဟာဗောဓိညောင်ပင်မှ အပင်ပျိုကို သိန်းခိုကျွန်း (သီရိလင်္ကာနိုင်ငံ)သို့ ရွှေ့ပြောင်းသယ်ယူ စိုက်ပျိုးခဲ့ကြောင်း ပုံများကို မင်ရေးကမ္ဗည်းစာများနှင့်တကွ ရေးသားထားပြီး ထိုကဲ့သို့သော ပန်းချီလက်ရာမျိုးကို ပုဂံဒေသတစ်ဝိုက်တွင် ဤတစ်ဆူ၌သာ တွေ့ရှိနိုင်ပါသည်။ သကျမုနိဘုရား၏ တောင်ဘက်ကပ်လျက်ရှိ အနောက်လှည့်ဂူငယ်သည်လည်း အင်္ဂတေပန်းနှင့် နံရံဆေးရေးပန်းချီကောင်းများရှိသော ဂူဘုရားတစ်ဆူဖြစ်ပါသည်။ သကျမုနိဘုရားအတွင်း၌ ရှေးဟောင်းကျောက်စာတိုင်နှစ်တိုင်လည်း ရှိပါသည်။