နောင်ချိုမြို့နယ် ကျောက်တောစံပြရွာ၌ လူထုအခြေပြုခရီးသွားလုပ်ငန်း စတင်နိုင်ရေး ဆွေးနွေး

Listing Description

နောင်ချို နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို မြို့နယ် ကျောက်တောစံပြကျေးရွာ၌ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism-CBT) စတင်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ပွဲတစ်ရပ်ကို နိုဝင်ဘာ ၁၆ ရက်က ယင်းကျေးရွာရှိ CBT ခန်းမ၌ ပြုလုပ်ခဲ့ သည်။

အစည်းအဝေးသို့ CBT ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းလှိုင်၊ ကော်မတီ ဝင်များဖြစ်သော ဒေါ်မေသင်္ကြန်ဟိန်၊ ဒေါက်တာမိုးမြင့်သူနှင့် ရပ်မိရပ်ဖများ တက်ရောက်ကာ ကျောက်တောစံပြ ကျေးရွာ လူထုအခြေပြု ခရီးသွား လုပ်ငန်းကို နိုဝင်ဘာ ၂၅ ရက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ မြို့နယ် အတွင်း ခရီးသွားဧည့်သည်များဖြင့် စတင်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

နောင်ချိုမြို့နယ် ကျောက်တော စံပြကျေးရွာရှိ လူထုအခြေပြု ခရီးသွား လုပ်ငန်းသည် ခရီးသွားပြည်သူများ အတွက် အပန်းဖြေစရာ ခရီးစဉ်နေရာ သစ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ခရီး သွားလုပ်ငန်းကို ဒီဇင်ဘာ ၃၁ ရက် အထိ ဝင်ကြေးအခမဲ့စနစ်ဖြင့် ကြီးကြပ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ခရီးစဉ်အတွင်း စည်းကမ်းချက်နှင့် လျော်ညီသော ညအိပ်ဧည့်သည်များ ကို ကိုဗစ်- ၁၉ ခွင့်ပြု ချက်များနှင့်အညီ သတ်မှတ်နှုန်းထားများဖြင့် လက်ခံ သွားမည်ဖြစ်ကြောင်း၊ ၂၀၂၁ ဇန်နဝါရီ ၁ ရက်မှစ၍ နေ့ချင်းပြန် ဧည့်သည်များ ကိုလည်း သတ်မှတ်ဝင်ကြေးဖြင့် လက်ခံသွားမည်ဖြစ်ကြောင်း ကျောက် တောစံပြကျေးရွာ CBT ကော်မတီမှ သိရသည်။

ထွေးငယ်

(ပြန်/ဆက်)