ဘန့်ဘွေးကျင်းရေတံခွန်

Listing Description

ဘန့်ဘွေးကျင်းရေတံခွန်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် ဘန့်ဘွေးကျင်းကျေးရွာအနီး တည်ရှိသည်။ ဘန့်ဘွေးကျင်း ရေတံခွန်ကို ရှမ်းဘာသာ စကားဖြင့် နမ့်တန်းရေတံခွန် ဟုလည်း ခေါ်ဆိုကြပြီး ဒေသခံများက မောင်နှံခုနှစ်ဖော် ရေတံခွန်ဟုလည်း ခေါ်ဆိုကြောင်း သိရပါသည်။ ရေတံခွန်စတင်စီးဆင်းရာ ထိပ်ဆုံးအမြင့်ပေသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၂၄၈၆ ပေဖြစ်ပြီး ရေတံခွန်ထိပ်ပိုင်း၏ ရေစီးကြောင်းသည် Table Top တောင်မျက်နှာပြင်ညီမှ  ၉၀ ဒီဂရီတစ်ရှိန်ထိုးစီးကျလာပြီး တစ်နေရာအရောက်တွင် အစိတ်စိတ်အမွှာမွှာပြန့်ကျဲသွားကာ ထိုနေရာမှ တစ်ဆင့်နိမ့်ဆင်းသွားပြီး အဆင့်ဆင့်စီးဆင်းကာ ဆည်တော်ကြီးဘက်သို့ စီးဝင်သွားပါသည်။ မြင့်မားသည့်တောင် ထိပ်မှအောက်သို့ အဆင့်ဆင့်စီး ကျလာသည့်ရေတံခွန်တစ်ခုဖြစ်ပြီး သဘာဝရှုခင်းအလှအပများ ကိုပါခံစားနိုင်သဖြင့် ပြည်တွင်း ခရီးသွားများအကြား လူသိများ သည့်ရေတံခွန် တစ်ခုဖြစ်ပါသည်။ ရေတံခွန်သို့မရောက်မီ ကားရပ်နားစခန်းမှစ၍ ရေတံခွန်သို့သွားရာလမ်းမှာ တောင်အဆင်းလမ်းဖြစ်၍ စွန့်စွန့်စားစားခရီးသွားလိုသူများအတွက် အကြိုက်တွေ့စေမည့် ရေတံခွန်မျိုးဖြစ်ပြီး အဆင်းလမ်းမှာ ခန့်မှန်းခြေ ၄၅ မိနစ်ခန့် သွားရောက်ရပါသည်။