နောင်ချိုမြို့နယ်၌ တိမ်ပင်လယ် ညအိပ်စခန်းများဖွင့်ခွင့်ရမည့်အချိန်အတွက် ပြင်ဆင်ထားရှိ

Listing Description

ပြင်ဦးလွင်   ဒီဇင်ဘာ  ၂၈

ရှမ်းပြည်နယ် နောင်ချိုမြို့နယ်ရှိ တိမ်ပင်လယ် ညအိပ်စခန်းများသည် ယခု ကိုဗစ်-၁၉ ကာလတွင် ဖွင့်ခွင့်မရရှိသေးသော်လည်း ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်ခွင့်ရမည့်အချိန်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့ရှိတိမ်ပင်လယ်သို့ ပြင်ဦးလွင်မြို့မှ သွားမည်ဆိုလျှင်  ပြင်ဦးလွင်မှ နောင်ချိုမြို့တွင်း  မီးပွိုင့်ထိ  သွားရမည်ဖြစ်ပြီး မီးပွိုင့်မှ ညာဘက်ကတ္တရာလမ်း နောင်ချို-ရပ်စောက်လမ်းအတိုင်း  နာရီဝက်ခန့် အကြာတွင် သရက်ကုန်းရွာ ရောက်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်   လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း ဆက်၍လာလျှင် နောင်ချိုကြီးကျေးရွာမှ တိမ်ပင်လယ်ညအိပ်စခန်းများအထိ လမ်းညွှန်ပြသထားကြောင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ထားသော ကြောင့် တောင်ပေါ်အထိအရောက် သွားလာရ လွယ်ကူကြောင်း  တိမ်ပင်လယ် ညအိပ်စခန်းဖွင့်လှစ်ထားသူ cloudy villa မှ မယုန္ဒာမှိုင်းက ပြောသည်။

ပြင်ဆင်ထား

“နောင်ချိုမြို့အနီးကဧည့်သည်တွေကိုပဲ ကျန်းမာရေးထောက်ခံချက်ပါရင် ကျန်းမာရေးလမ်းညွှန်ချက် တွေနဲ့အညီ လာရောက်ကြည့်ရှုခွင့်ပြုပါတယ်။ မန္တလေးတိုင်းဒေသကြီးက ဧည့်သည်တွေအတွက်ကတော့ ခရီးသွားလာခွင့်ရတဲ့အချိန်၊ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွေ ဖြတ်သန်းသွားလာခွင့်ရရှိချိန်မှသာ တည်းခိုခွင့်ပြုလို့ရမှာပါ။  ဖွင့်ခွင့်ရမယ့်ကာလအတွက်လည်း တဲအိမ်တွေကို  တစ်ခု နဲ့တစ်ခု  ပေ၂၀ အကွာထားပေးပါတယ်၊ တဲအိမ်တစ်ခုမှာ လေးယောက်ကနေ ရှစ်ယောက်၊ ၁၂ ယောက်အထိ တည်းနိုင်ပြီး ရေချိုးခန်းအိမ်သာတွဲလျက် ပါပါတယ်။ မနက်ခင်းစာ ကောက်ညှင်းပေါင်း၊ အကြော်လည်း တစ်ခါထဲ ပါပြီးသားပါ။ ၁၂ ယောက်ဆံ့ တဲအိမ် ငါးလုံး၊ လေးယောက်ဆံ့ ငါးလုံးနဲ့ tent များကို ပြင်ဆင် ထားပြီး စုစုပေါင်း လူဦးရေ  ၂၀၀ ဝန်းကျင်အတွက် ကြိုတင်ပြင်ဆင်ထားပါတယ်။ အရင်ကားဟောင်းတွေကို တစ်ဖန်ဆန်းသစ်ပြီးတော့   အိမ်အဖြစ်တည်းလို့ရအောင် ပြင်ဆင်ထားပါတယ်”ဟု ၎င်းက ပြောသည်။

မြတ်ဆုမွန်