ရွှေရောင်တော်စေတီ

Listing Description

စဉ့်ကိုင်မြို့နယ် မက္ခရာမြို့ဟောင်းတွင် တည်ရှိပါသည်။ ရှေးဟောင်းစေတီကို ရှင်းလင်း ပြုပြင်ရာမှ "ရွှေရောင်တော်စေတီတော်" ဘွဲ့အမည်ကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဒေသခံတို့က "လှေသူကြီးဘုရား"ဟုလည်း ခေါ်တွင်ကြပါသည်။ စေတီတော် အရှေ့ဘက် စောင်းတန်းထိပ်ရှိ ခြင်္သေ့ကြီးနှစ်ကောင်ရုပ်တုမှာ မင်းကွန်းဒေသရှိ ခြင်္သေ့ကြီး နှစ်ကောင်ရုပ်တုပြီးလျှင် ဒုတိယအကြီးဆုံး ဖြစ်နိုင်ပြီး ကုန်းဘောင်ခေတ် ဘိုးတော်ဘုရားလက်ထက်က တည်ဆောက်ခြင်း ဖြစ်နိုင်ချေရှိသည်ဟု ဆိုပါသည်။ စေတီတော်သည် အဝင်မုခ်လေးဘက်ပါသော ဂူဘုရားဖြစ်ပြီး စေတီလိုဏ်အတွင်းတွင် ရုပ်ပွားတော်လေးဆူကို ဖူးမြင်နိုင်ပါသည်။ ထို့ပြင် လိုဏ်အတွင်းဘက်ရှိ ရှေးဟောင်းနံရံဆေးရေးပန်းချီများကိုလည်း အကောင်းနီးပါးအတိုင်း တွေ့မြင်လေ့လာနိုင်ပါသည်။ စေတီတော် အာရုံခံတန်စောင်းတွင် မက္ခရာအနီးတစ်ဝိုက် တူးဖော်ရရှိသမျှသော ရှေးဟောင်းပစ္စည်းများ၊ ဆင်းတုတော်များ၊ အုတ်ခွက် စဉ့်ခွက်များ၊ ကျောက်စာများကို ပြတိုက်တစ်ခုသဖွယ် ထိန်းသိမ်းပြသထားရှိပါသည်။ စေတီတော် ပရိဝုဏ်အနီးတွင် ဆေးဘုရားကြီး၊ ငါးဆူတန်းဂူဘုရားများနှင့် အခြားအင်္ဂတေလက်ရာပြောင်မြောက်သော ဘုရားစေတီစုများကို ဖူးမြင်နိုင်ပါသည်။