ဝသဲဘုရားကြီး

Listing Description

မြောက်ဦးမြို့ နန်းရာကုန်းမှ တောင်ဘက် ကိုက် ၅၀၀ ခန့်အကွာ၊ လက်ဆည်ကန်မှလည်း မြောက်ဘက်သို့ ကိုက် ၅၀၀ ခန့်အကွာ ဝသဲတောင်ထိပ် ကြာလျှာတောင်ဦး၌ တည်ရှိသည်။ ကောဇာသက္ကရာဇ် ၈၇၇ ခုနှစ် (အေဒီ ၁၅၁၅) တွင် ဘုရင်မင်းစောအိုက တည်ထားကိုးကွယ်ရာ မင်းစောအိုသည် ဘုရားတည်၍မပြီးစီးမီ နတ်ရွာစံသဖြင့် ထီးနန်းဆက်ခံသူ သဇာတမင်းမှ ပြီးစီးအောင်တည်ထားကိုးကွယ်ခဲ့သည်။  ဆင်းတုတော်ကြီးသည် မြောက်ဦးမြို့တွင်ရှိသည့် ကျောက်ဆင်းတုများထဲတွင် အကြီးဆုံးဖြစ်သည်ဟုသိရပြီး ကျောက်တစ်လုံးတည်းကို ထုဆစ်ထားခြင်းဖြစ်သည်။ ဉာဏ်တော်အမြင့် (ပလ္လင်မပါ) ၁၃ ပေ၊ ဒူးတော်တစ်ဖက်တစ်ချက် ၈ ပေရှိသည်။ ကောဇာသက္ကရာဇ် ၈၉၄ ခုနှစ် (ခရစ်နှစ် ၁၅၃၂) တွင် ဘုရင်မင်းဗာကြီးက ကျောက်ဂူကြီးဆောက်ပြီး ထီးတော်တင်ခဲ့သည်။ ယခုအခါ ကျောက်ဂူကြီး ပြိုပျက်သွားပြီးဖြစ်၍ အလှူရှင်များက သိမ်ဆောက်လုပ်ထားပြီး ဆင်းတုတော်အားလည်း ရွှေသင်္ကန်းကပ်လှူ ပူဇော်ထားရှိသည်။