ဗိုလ်ချိုမိဂူပြောက်ဘုရား

Listing Description

ဗိုလ်ချိုမိဂူပြောက်ဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ သီရိပစ္စယာရွာ၏ တောင်ဘက်တွင် တည်ရှိပါသည်။ မဟာဗောဓိပုံ ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဘုရားဖြစ်ပြီး ခရစ် ၁၃ ရာစုနှစ်တွင် တည်ထားခဲ့သည်ဟု သိရပါသည်။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှတို့က အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် မြန်မာတိုင်းရင်းသားများက အင်္ဂလိပ်တို့အား ဆန့်ကျင်တော်လှန်တိုက်ခိုက်ခဲ့ရာ ပုဂံ ဗိုလ်ချိုသည် ထင်ရှားသော နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် တစ်ဦးဖြစ်သည်။ ၁၈၉၆ ခုနှစ်တွင် သီရိပစ္စယာရှိ ဂူပြောက်အတွင်း အင်္ဂလိပ်တို့က ဗိုလ်ချိုအား ဖမ်းဆီးရမိခဲ့သည့်အတွက် ဗိုလ်ချိုမိဂူပြောက်ဟု အမည်တွင်ခဲ့ပါသည်။ ဗိုလ်ချိုမိဂူပြောက် ဘုရားတွင် နံရံဆေးရေး ပန်းချီများနှင့် အင်္ဂတေ ပန်းတော့လက်ရာများ ရှိသည်။ ကြက်တငို အဝိုင်းဈ ထောင့်ဘောင်ပန်း နှင့် စက်ဝိုင်းအတွင်းမှ ပန်းကွက်အလှများ နံရံတွင် ဘောင်ခတ် ထားသည့် သစ်ရွက်ပုံ ပန်းတန်း၊ စိန်ကွက်ပုံနံရံ ပန်းချီများနှင့် ခေတ်နှောင်းပိုင်းတွင် ရေးဆွဲထားသည့် လှေပုံများ ရှိသည်။ ဗိုလ်ချိုမိဂူပြောက်၏ မဟာဗောဓိ ကွမ်းတောင်မှ လေးထောင့်ကွက်အတွင်း ရုပ်ပုံပါသည့် အဝိုင်းကွက်ပုံဖော်ထားသည့် အင်္ဂတေ ပန်းတော့လက်ရာများ၊ အဝင်မုခ်မှ ရာမ လက်ညှိုးပုံ တံကဲပန်း၊ တိုင်ဖုံးပန်း၊ တိုင်အောက်ခံအိုးမှ အင်္ဂတေပန်းနှင့် အရုပ်များ ချင်မိတ်တိုးတန်းမှ အင်္ဂတေပန်းများ ကို လေ့လာနိုင်ပါသည်။