လဲချားမြို့ရှိမဟာမြတ်မုနိဘုရားကြီး

Listing Description

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ လဲချားမြို့ အမှတ် (၁) ရပ်ကွက်ရှိ မဟာမုနိဘုရားကြီးသည် လဲချားမြို့၏ အထင်ကရပြယုဂ်တစ်ခု ဖြစ်ပါသည်။ လဲချားမြို့ စော်ဘွားကြီး စဝ်ဖခွန်လိုင်းနှင့် စဝ်မေ့စံကား ဇနီးမောင်နှံနှစ်ဦးမှ ကမကထပြုပြီး လဲချားမြို့နယ် အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများစုပေါင်း၍ မဟာမြတ်မုနိဘုရားကြီးကို တည်ထားကိုးကွယ်ခဲ့ကြပါသည်။ မဟာမြတ်မုနိဘုရားကြီးကို ကြေးဖြင့်သွန်းလုပ်ထားပြီး အလေးချိန်အားဖြင့် ၄၃၀ ပိဿာ၊ဉာဏ်တော် အမြင့်မှာ ၁၂ ပေ ၃ လက်မ၊ ပလ္လင်တော်အမြင့်မှာ ၈ ပေ ၂ လက်မ၊ ပလ္လင်တော်အလျားမှာ ၁၅ ပေ ၃ လက်မရှိပြီး မဟာမြတ်မုနိဘုရားကြီးကျောင်းဆောင်၌ ပြဿဒ် ၉ဘုံနှင့် အရံစေတီငယ် ထီးတော်တင်ပြီး ၁၀၈ ဆူ ရှိပါသည်။ ကောဇာသက္ကရာဇ် ၁၂၆၇ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင်ကျောင်း ဆောင်ဆောက်လုပ်ရန် ဆရာတော်သံဃာတော်များ၊ စော်ဘွားများနှင့် ပြည်သူများ စုပေါင်း၍ ပန္နက်အုတ်မြစ်ချခဲ့ပြီး ကောဇာသက္ကရာဇ် ၁၂၇၀ ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် ထီးတော်တင်လှူပွဲကိုကျင်းပခဲ့သည်။ ကောဇာသက္ကရာဇ် ၁၂၇၁ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မန္တလေးမြို့မှပင့်ဆောင်လာသော မဟာမြတ်မုနိဆင်းတုတော်ကြီးကို ရွှေပလ္လင်ပေါ်သို့ ပင့်တင်စံမြန်းတော်မူခဲ့ပါသည်။ မဟာမြတ်မုနိဘုရားကြီး ပရဝုဏ်အကျယ်အဝန်းမှာ တောင်မြောက် ၁၃၉ ပေ ၂ လက်မ၊ အရှေ့အနောက် ၁၁၉ ပေ ၂ လက်မ၊ ဘုရားကျောင်းတော်ဘုံ ၉ဆင့်ရှိအမြင့်ပေ ၁၀၈ ပေ၊ ထီးတော် အစုံ အလင်နှင့် စေတီရံပေါင်း ၁၀၈ ဆူ၊ ထီးတော်ကြီး၌ ကနုတ်ပန်း အမျိုးမျိုးနှင့်တစ်ကွ ဗြဟ္မာရုပ် ၆၈ရုပ်၊ နယားရုပ် ၁၂ ရုပ်၊ ခြင်္သေ့ရုပ် ၁၂ ရုပ်၊ မနုသီဟရုပ် ၁၂ ရုပ်၊ ဟင်္သာရုပ် ၇၆ ရုပ်၊ ခေါင်းလောင်းငယ် (ဆည်းလည်း) ၄၇ ခုရှိကြောင်း၊ ထီးတော်အရွယ်အစား အမြင့် ၇ ပေ၊ ထီးတော်အခြေမှ စိန်ဖူးတော်အထိ ၁၅ ပေ၊ ထီးတော်အဝအကျယ် ၄ ပေ၊ လုံးပတ် ၁၆ ပေ ၂ လက်မ ရှိပါသည်။