တောင်မင်းကြီးဘုရား

Listing Description

တောင်မင်းကြီးဘုရားသည် အမရပူရမြို့မှ တောင်သမန်အင်း၊ ဦးပိန်တံတားသို့ သွားသည့်လမ်း၏ ယာဘက်တွင် တည်ရှိပါသည်။ အမရပူရမြို့ရှိ ကြီးလေးဆူတို့တွင် တောင်မင်းကြီးဘုရားသည် တစ်ဆူအပါအဝင် ဖြစ်ပါသည်။ ဘုရားဝင်းအတွင်းသို့ဝင်သည့် စင်္ကြံလမ်း၏အဆုံးတွင် ကြီးမားသော ဗုဒ္ဓဆင်းတုတော်ကြီးကို ဖူးမြင်နိုင်ကြသည်။ ထိုဆင်းတုတော်ကြီး၏ ပထမလှူဒါန်းထားသော တန်ဆောင်းကြီးမှာ မိုးဒဏ်လေဒဏ်တို့ကြောင့် ပျက်ဆီး၍ ရုပ်ပွားတော်ကြီးမှာ ကြီးမားလှသဖြင့် တန်ဆောင်းအသစ် ထပ်မံမလုပ်နိုင်သောကြောင့် မိုးရွာနေပူ ထည်းထည်း၌ သီတင်းသုံးတော်မူသည်ကို အစွဲပြု၍ နေပူခံကိုယ်တော်ကြီးဟုလည်း ခေါ်ကြသည်။ ထိုဆင်းတုတော်ကြီးကို မြန်မာသက္ကရာဇ် ၁၁၄၈ ခုနှစ် (ခရစ်နှစ် ၁၇၈၆ ခုနှစ်) တွင် တောင်မင်းကြီးခေါ် အသည်ဝန် မဟာမင်းလှကျော်စွာက လှူဒါန်းခဲ့သည်။ အလှူရှင်မင်းကြီးသည် ဆင်ဖြူဝန်ရာထူးကို ထမ်းဆောင်ခဲ့သဖြင့် ဆင်ဖြူဝန် ဘုရားဟုလည်း ခေါ်ခဲ့သည်။ အမရပူရမြို့ တရုတ်တန်းအရပ်မှ ဦးရင်ကလေး ကြီးမှူး၍ အာရုံခံတန်ဆောင်းကြီးကို ဆောက်လုပ်လှူဒါန်းထားသဖြင့် ယခုအခါ နေပူခံကိုယ်တော်ကြီးအမည် ပျောက်ကွယ်ခဲ့ပြီး တောင်မင်းကြီးဘုရားဟု ထင်ရှားလာခဲ့ပါသည်။

ရုပ်ပွားတော်ကြီးသည် အမြင့် ၄၆ ပေ ၁၁ လက်မ၊ တင်ပျဉ်ခွေ ဒူးစွန်းနှစ်ဖက် အကျယ် ၃၆ ပေ ၆ လက်မနှင့် မကိုဋ်တော်အမြင့် ၁၃ ပေ ၁ လက်မရှိပါသည်။ မြန်မာသက္ကရာဇ် ၁၂၀ဝ ပြည့်နှစ်တွင် ငလျင်ဒဏ်ကြောင့် တောင်မင်းကြီးဘုရား ပြိုကျပျက်စီးခဲ့ပြီး ၁၂၁၂ ခုနှစ်တွင် အမရပူရ မြင်းရုံအရပ်မှ လွှထောင်ကြီးဦးမှုံက ပုဂံမင်းထံမှ အမိန့်ခံ၍ တောင်မင်းကြီးဘုရားကို ပြန်လည်ပြုပြင်ခဲ့ရာ မင်းတုန်းမင်း နန်းတက်သည့် ၁၂၁၄ ခုနှစ်တွင် ပြီးစီးခဲ့ပါသည်။ တောင်မင်းကြီးဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလတွင် ကျင်းပပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-09-03 04:05:09

သို့ Me Me

(ဟုတ်ကဲ့ခင်ဗျ ဦးရင်ကလေးကြီးမှူးပြီး အာရုံခံတန်ဆောင်းကြီးဆောက်လုပ်လှူဒါန်းသည့် ခုနှစ်ကို မတွေ့သဖြင့် အကယ်၍ သိရှိသူများရှိလျှင် ထပ်မံဖြည့်သွင်းပေးစေလိုပါတယ်ခင်ဗျာ)

2021-09-01 16:01:30

ဖေါ်ပြပေးပါ

အမရပူရမြို့ တရုတ်တန်းအရပ်မှ ဦးရင်ကလေး ကြီးမှူး၍ အာရုံခံတန်ဆောင်းကြီးကို ဆောက်လုပ်လှူဒါန်း (ဘယ်နစ်ခုနစ်ဆောက်လုပ်တယ်ဆိုတာထည့်သင့်တယ်)