မြတ်ရွှေဂူစေတီတော်

Listing Description

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့ မြို့ပတ်လမ်း၊ ဘူတာရပ်ကွက်၊ ကျောက်ပန်းတောင်းမြို့နယ်ဆေးရုံအနီးတွင် တည်ရှိသည်။ မြန်မာသက္ကရာဇ် ၁၁၇၇ ခုနှစ်တွင် မြို့စားမင်းကြီးမဟာသီရိသီဟဗိုလ်ဘွဲ့ခံ ဦးပြိုနှင့် ဇနီးဒေါ်ရွဲတို့က ကျောက်ပန်းတောင်းမြို့၏ အနောက်တောင်ဘက်စွန်းအရပ်ရှိ ကျောက်ပန်းများထူထပ်စွာ ပေါက်ရောက်လျက်ရှိသော ကျောက်ပန်းတောင်းတောင်ပေါ်တွင် တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်တည်ရှိရာ တောင်ကိုအစွဲပြု၍ မြို့အမည်ကိုလည်း ကျောက်ပန်းတောင်းမြို့ဟု ခေါ်ဆိုလာကြသည်ဟု မှတ်သားရပါသည်။ သက္ကရာဇ် ၁၃၃၇ ခုနှစ် ဝါဆိုလဆန်း ၁ ရက် အင်္ဂါနေ့တွင် မြေငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သော ရင်ပြင်တော်အား ပြန်လည်ပြုပြင်ခဲ့သည်။ သက္ကရာဇ် ၁၃၆၁ ခုနှစ် နယုန်လဆန်း ၄ ရက်နေ့တွင် ဂေါပကအဖွဲ့ကဦးစီး၍ အများပြည်သူကောင်းမှုဖြင့် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူခဲ့သည်။ ခရစ်နှစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စေတီတော် ပရိဝုဏ်အတွင် ချုံနွယ်များ ရှင်းလင်းရာမှ တွေ့ရှိခဲ့သော ကုန်းဘောင်ခေတ်ဦးလက်ရာ ဗုဒ္ဓခြေတော်ရာနှင့် ဆင်းတုတော်များကို စေတီတော်၏ အနောက်ဘက်မုခ်လှေကားအနီးတွင် ဖူးမြင်နိုင်ပါသည်။