မဟာဝိဇယရံသီပုထိုးတော်ကြီး

Listing Description

မဟာဝိဇယရံသီပုထိုးတော်ကြီးသည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တောင်သမန်အင်း၏ မြောက်ဘက်၊ မှန်တန်းရပ်ကွက်တွင် တည်ရှိပါသည်။ မဟာဝိဇယရံသီ ပုထိုးတော်ကြီးကို ကောဇာသက္ကရာဇ် ၁၈၈၁ ခုနှစ်၊ တန်ခူးလဆန်း (၅)ရက်နေ့တွင် ဘကြီးတော်စစ်ကိုင်းမင်းက တည်ထားကိုးကွယ်ခဲ့ပါသည်။ ပုထိုးတော်ကြီး၏ဘွဲ့အမည်သည် ဟာဝိဇယရံသီဖြစ်သော်လည်း စည်းခုံတော် ပုထိုးတော်ကြီးဟု ပိုမိုထင်ရှားပါသည်။ ပုထိုးတော်ကြီးစေတီတော် ပထမပစ္စယံ ပတ်လည်တွင် ပုဂံခေတ်လက်ရာ စဉ့်ကွင်းများ ထည့်သွင်း ခဲ့သည်။ ဒုတိယ ပစ္စယံ၌ ၅၅၀ ဇာတ်တော်လာ ဗုဒ္ဓဖြစ်တော်စဉ်များကို ဇာတ်တော်အမည်နှင့်ဇာတ်ကွက်များနှင့်အတူ စကျင်ကျောက်ဖြူကွက်များတွင် လည်းကောင်း၊ တတိယပစ္စယံတွင် သမ္ဗုဒ္ဓေ ဘုရားရုပ်ထုတော်များကိုလည်းကောင်း ထုလုပ်ခဲ့ပါသည်။ပုထိုးတော်ကြီး၏ မူလထီးတော်သည် အ၀ ၁၂ တောင်၊ အမြင့် ၁၈ တောင် ဘုံကိုးဆင့် ရွှေထီးတော်ဖြစ်သည်။ အမရပူရပုထိုးတော်ကြီးဌာပနာကို ကျုံးနှစ်တန်ရံလျက် ဌာပနာတိုက်ကြီး လေးတိုက်နှင့်တိုက်ငယ် ၁၂ တိုက် တည်ဆောက် ဆောက်ခဲ့သည်ဟုဆိုသည်။ ပုထိုးတော်ကြီးသည် ဖိနပ်တော်အချင်း သံတောင် ၁၂၀ နှင့် ဉာဏ်တော် သံတောင် ၁၂၀ ရှိပါသည်။ အမရပူရ ပုထိုးတော်ကြီး၏တည်နေရာသည် အမရပူရမြို့တည်နန်းတည် ခုနစ်ဌာနဖြစ်သည့် မြို့တော်၊ကျုံးတော်၊ ရွှေနန်း တော်၊ ကျောင်းတော်၊ကန်တော်၊ဂူတော် ၊ပိဋကတ်တိုက်တော် တို့တွင်တစ်ခုအပါအဝင်ဖြစ်သည့် ကျောင်းတော်နေရာဟု အဆိုရှိခဲ့ပါသည်။ ပုထိုးတော်ကြီး၏ အရှေ့မြောက်ထောင့်တွင် ဘကြီးတော်စစ်ကိုင်းမင်းမှ မြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ်၊ တပေါင်းလဆုတ် ၁၃ ရက် (ခရစ်နှစ်၁၈၂၈ ခုနှစ် မတ်လ ၁၃ ရက်)ကြာသပတေး နေ့တွင် လှူဒါန်းခဲ့သော အလေးချိန် ကြေးစင် ပိဿာ ၁၅၀၀ ရှိ ခေါင်းလောင်းကြီးတစ်လုံးရှိပါသည်။ ယင်းခေါင်းလောင်းကြီးအတိုင်းအတာသည် အချင်း ရှစ်ပေရှစ်လက်မ၊ အတွင်းနှုတ်ခမ်း အချင်း ခုနစ်ပေ လေးလက်မရှိပြီး ခေါင်းလောင်းအတွင်းပိုင်း အမြင့်သည် ခြောက်ပေ တစ်လက်မ ဖြစ်သည်။ ခေါင်းလောင်းတော် အထူ ရှစ်လက်မ ရှိကာ အထက်အောက် ၂၉ လက်မ ကျယ်ဝန်းသည့် နေရာတွင် ခေါင်းလောင်းစာများကို ပတ်လည် ရေးထိုးထား သည်။ ခေါင်းလောင်းစာများကို ဝက်မစွပ်မြို့စား စာဆိုဒုတိယ နဝဒေးဟုကျော်ကြားသည့် ဦးနုကရေးသားခဲ့ပါသည်။ မဟာဝိဇယရံသီပုထိုးတော်ကြီးကို သာယာဝတီမင်း၊ မင်းတုန်းမင်းတရားကြီးနှင့် မြို့သူမြို့သားများက ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံခဲ့ကြပါသည်။