ကွမ်ယင်စီဘုရားကျောင်းတော်

Listing Description

အမရပူရမြို့ တရုတ်တန်းလမ်းတွင် တည်ရှိသည့် သမိုင်းဝင် တရုတ်ဗုဒ္ဓဘာသာ ရှေးဟောင်းဘုရားကျောင်းကြီးဖြစ်သည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်သည့်အနေဖြင့် ဆင်ဖြူရှင်မင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၃၅ ခုနှစ် (ခရစ်နှစ် ၁၇၇၃ ခုနှစ်) တွင် တည်ဆောက်ခဲ့သည်။ ဘုရားကျောင်းကို ဘိုးတော်ဘုရားလက်ထက် ၁၁၇၂ ခုနှစ်တွင် တစ်ကြိမ်၊ ဘကြီးတော်လက်ထက် ၁၁၉၁ ခုနှစ်တွင် တစ်ကြိမ်၊ သယာဝတီမင်းလက်ထက် ၁၁၉၉ ခုနှစ်တွင် တစ်ကြိမ်၊ စုစုပေါင်း မီးသုံးကြိမ် လောင်ကျွမ်းခဲ့ဖူးပါသည်။ သာယာဝတီမင်းလက်ထက် ၁၂၀၀ ခုနှစ်တွင် ဘုရားကျောင်းတော်ကို အသစ်ပြန်လည်တည်ဆောက်ရာတွင် ဘုရားကျောင်းအုတ်တံတိုင်းများကို မီးတားအဖြစ် မြင့်မားစွာတည်ဆောက်ပြီး ကျောင်းတော်ကြီး၏ ပန်းပုလက်ရာများကို အနုစိပ်ထုလုပ်ခဲ့သဖြင့် တည်ဆောက်ချိန် ကိုးနှစ်ကြာမြင့်ခဲ့ပြီး ပုဂံမင်းလက်ထက် ၁၂၀၉ ခုနှစ်တွင် ပြီးစီးခဲ့သည်။ ဘုရားကျောင်း အဆောက်အအုံကို ကြီးမားဖြောင့်တန်းသော ကျွန်းတိုင်ကြီးများ၊ ခိုင့်ခန့်သော ထုတ်၊ လျောက်များ၊ ထုဗြက်ကြီးမားသော ခါးပန်းပျဉ်များနှင့် တည်ဆောက်ထားပြီး ကျွန်းတိုင်ကြီးများတွင် တရုတ် စာတန်းကြီးများရေးထိုးထားသော ပျဉ်ချပ်များ ကပ်ထားသည်။ အမိုး၊ ထုတ်တန်းများတွင် လက်ရာလွန်စွာပြောင်မြောက်သော ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသည်။ ဘုရားကျောင်း မော်ကွန်းဆောင်ထဲတွင် မြန်မာဘာသာဖြင့် ရေးထိုးထားသော ကျောက်စာရှိသည်။