နဂါးရုံဘုရား

Listing Description

အမရပူရမြို့၊ ရွှေဂွမ်းထုပ်ရပ်ကွက်နှင့် ဖန်ချက်ရပ်ကွက်ကြား၊ တရုတ်တန်းလမ်းပေါ်တွင် တည်ရှိသည်။ ဘုရားဘွဲ့တော်ကို နဂါးရုံဘုရားအပြင် ဖန်ချက်ရပ်ကွက်တွင်ရှိသည်ကို အစွဲပြု၍ ဖန်ချက် နဂါးရုံဘုရားဟုလည်း ခေါ်ဆိုကြသည်။ ဘုရားတည်ထားခဲ့သည့် အလှူရှင်ကို အတိအကျမသိရှိရဘဲ ရှေးဟောင်းသုတေသနပညာရှင်များ၏ ခန့်မှန်းချက်အရ နဂါးရုံဘုရားသည် ၁၈၀၀ ခုနှစ်ဝန်းကျင်ခန့်က တည်ထားခဲ့သည်ဟု သိရသည်။ နဂါးရုံဘုရား တည်ထားသည့်ပုံသဏ္ဌာန်မှာ တောင်သမန်အင်းကို မုစလိန္ဒာအိုင်ကဲ့သို့ သဘောထားပြီး ဘုံသုံးဆင့်ခံကာ ရုပ်ပွားတော်ကို နဂါးအုပ်မိုးဟန်ဖြင့် အရှေ့ဘက်လှည့် တည်ထားသည်။ မဟာရံတံတိုင်း ကာရံပြီး မုခ်လေးပေါက်နှင့် တည်ထားသည်။ သက္ကရာဇ် ၁၂၀၀ ပြည့်နှစ်တွင် ပြုပြင်မွမ်းမံခဲ့သည်ဟုလည်း သိရသည်။ ဘုရား၏အမြင့်မှာ ပေ ၂၀၀ ကျော်ရှိပြီး ဘုရားပေါ်တက်ရန် နယားလှေကား ၄ စင်းပါဝင်ကာ ပစ္စယံသုံးဆင့်၏ ထောင့်လေးထောင့်တွင် မနုဿီဟရုပ်များ၊ ကလသာအိုးများဖြင့် အလှဆင်ထားသည်။ နဂါးအုပ်မိုးထားသော ဂန္ဓကုဋိတိုက်တော် အတွင်း၌ ဘူမိဖဿမုဒြာဟန် ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို ဖူးမြင်နိုင်သည်။ ပညာရှင်များ၏ ခန့်မှန်းချက်အရ ထိုရုပ်ပွားတော်၏ သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်ရှိသည်ဟုလည်း သိရသည်။